
နိုဝင်ဘာ ၂၈ ရက်နေ့ ညနေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မြန်မာပြည်အခြေစိုက် နိုင်ငံခြား သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - AP)
နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ် တိုက်များထံ ဖုန်းဆက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ရှိသည့်အတွက် အချိန်နှင့် နေရာကို ထပ်မံ အကြောင်း ကြားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
“သတင်းသမား တွေကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ် သတင်းစာရှင်းပွဲဆိုတော့ စိတ်ဝင်စားတာပေါ့။ အားလုံးက တက်ခွင့်ရဖို့ မျှော်လင့်နေကြတာ” ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
စာပေစိစစ်ရေးက သတင်းစာရှင်းလင်းပွဲ ကျင်းပမည့် နေရာနှင့် အချိန်ကို ထပ်မံ အကြောင်းကြားခြင်း မရှိသည့်အတွက် သတင်းသမားများက စုံစမ်းကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် ရန်ကုန်လေဆိပ်ကို အရောက်သွားကြကြောင်း၊ သို့ရာတွင် လေဆိပ်လုံခြုံရေး တပ်ဖွဲ့များ၏ တားဆီးမှုကြောင့် သတင်းရယူခွင့် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။
“လုံခြုံရေးဆိုတာက အကြောင်းပြတာပါ။ သတင်းထောက် ကတ်ပြား ပြနိုင်တယ်ဆိုရင် ၀င်ခွင့် ပေးရမှာပေါ့။ နိုင်ငံခြား သတင်းထောက်တွေ ကျတော့ ၀င်ခွင့်ပေးတယ်။ ပြည်တွင်းဂျာနယ် သတင်းထောက် ကျတော့ ၀င်ခွင့် မပေးဘူးဆိုတာ သက်သက် ညစ်တာ” ဟု အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။
လေဆိပ် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းယူခွင့်မပြုခဲ့သော သတင်းဂျာနယ်များထဲတွင် Myanmar Times၊ 7Day News၊ Venus၊ The Voice၊ True News၊ Weekly Eleven တို့ အပါအ၀င် သတင်းဂျာ နယ် အများစု ပါဝင်ကြောင်း သိရသည်။
စစ်အစိုးရ ဗိုလ်ချုပ်များကိုယ်တိုင်က ပြည်တွင်း သတင်းမီဒီယာများအပေါ် အမြင်မကြည်လင် ခြင်းကြောင့် သတင်းသမားများ သတင်း ရယူရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်ဟု သတင်းထောက်များက ဆိုသည်။
“သတင်းယူတဲ့နေရာမှာ စစ်တပ်၊ ရဲ နဲ့ အာဏာပိုင်တွေက ခွင့်မပြုတော့ သတင်း လိုက်ဖို့ ခက်တယ်။ သတင်း ရလာ ပြန်ရင်လည်း စာပေစိစစ်ရေးက ဖြတ်တယ်။ ပြည်တွင်း သတင်းသမားတွေ ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်းကို
လှုပ်ရှား နေရတာပါ။ ကြံ့ဖွံ့အစိုးရသာ တက်လာရင် ဒီထက် ဆိုးလာနိုင်တယ်” ဟု ရန်ကုန် အခြေစိုက်သတင်း ထောက်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီးနောက် ၎င်း၏ သတင်းနှင့် ဓာတ်ပုံကို အချပ်ပိုများတွင် ပုံကြီးချဲ့ ဖော်ပြသည်ဟု ဆိုကာ သတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ပိတ်ပင်ခြင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။
မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga