Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Sunday, November 21, 2010

မျှော်လင့်ချက်နှင့် အတူ

By လူလှ

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီကျော် ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့ ရောက်သွားချိန်မှာတော့ လူက ရှင်းနေသေးသည်။ ရုံးချုပ်၏ မျက်နှာချင်းဆိုင် လမ်းတဘက်က အုတ်ဘောင်ပေါ်တွင် ထိုင်နေကြ သည့် လူတစုနှင့် NLD အဖွဲ့ဝင် တချို့သာ ရှိသေးသည်။ 

Aung-San-Suu-Kyi-arrives-at-her-National-League-for-Democracy-(NLD)-headquarters
နိုဝင်ဘာ ၁၄ ရက်က လူထုမိန့်ခွန်းပြောရန် ရန်ကုန် ရွှေဂုံတိုင် ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
နိုင်ငံခြားသား သတင်းထောက် တဦးကတော့ တက္ကဆီကား နောက်ခန်းတွင် ထိုင်ရင်း စောင့်ဆိုင်းလျက် ရှိသည်။ယမန်နေ့  ညနေ ၅ နာရီကျော်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးပြီးနောက် ယနေ့ နေ့လယ် ၁၂ နာရီတွင် NLD ရုံးချုပ်ရှေ့၌  လူထုနှင့် တွေ့ဆုံမည်ဟု ကြေညာထားသဖြင့် လာရောက် စောင့်ဆိုင်းကြခြင်းဖြစ်သည်။ 

မှတ်မိနေသေးသည်။ လွန်ခဲ့သော ၇ နှစ်ကျော် မေလ၏ နံနက်ခင်းတခုတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ် ချုပ်မှ လွတ်မြောက်ကာ NLD ရုံးချုပ်သို့ လာရောက်မည်ဆိုသဖြင့် ယခုကဲ့သို့ပင် သွားရောက် စောင့်ဆိုင်းခဲ့ဖူးသည်။ 

ထိုအချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ကားပေါ်မှ ရုံးချုပ်အ၀ထိ ပေ ၃၀ ပင် မရှိချင်သည့် အကွာအဝေးကို လာရောက် ကြိုဆိုကြသည့် လူအုပ်ကြီးကြားမှ မနည်းဆွဲထုတ်ကာ ခေါ်ယူခဲ့ကြရသည်။ NLD အဖွဲ့ဝင်များက ပင်နီအင်္ကျီ ၊ ယောလုံချည် များကို ၀တ်ဆင်ထားကြသည်။ 

ယခုတကြိမ်တွင်တော့ “We stand with Aung San Suu Kyi” “ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ” စာသား ပါသော တီရှပ် အဖြူရောင်များကို ၀တ်ဆင်ထားသည့် လူငယ်များကိုသာ အဓိက တွေ့ရသည်။ 

NLD ရုံးချုပ်အ၀သို့ ၀င်လိုက်ချိန်မှာတော့ ကင်မရာကြီးငယ် ကိုယ်စီဖြင့် ကြိုတင်ရောက်ရှိ နေကြပြီဖြစ်သည့် ပြည်တွင်းပြည်ပ သတင်းထောက်များကိုတွေ့လိုက်ရသည်။ မကြာမီ နိုင်ငံခြား သံတမန်တချို့လည်း ရောက်ရှိလာပြီး အလင်းရောင် ခပ်မှိန်မှိန် ဖျော့ဖျော့ ရုံးချုပ်အတွင်းသို့ ၀င်သွားကြသည်။ 

တီရှပ် အဖြူဝတ်လူငယ်များက လက်ချင်းချိတ်ကာ ဒေါ်အောင်ဆန်းစုကြည် ကားပေါ်မှ ဆင်းလာမည့် လမ်းတလျောက် ရံ ထားကြသည်။ 

“ဘယ်သူက ပန်းစီး ပေးခိုင်း ပေးခိုင်း လက်မခံပါနဲ့၊ လုံခြုံရေးက အဓိကပဲ” ဟု အသက် ၅၀ ကျော် အမျိုးသား တဦး က NLD  လူငယ်များကို မှာကြားနေသည်။

လူထု၏မေတ္တာသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြီးမားလှပါသည်။ သို့သော် အသက်ကို ဉာဏ်စောင့်ရပေမည်။ နံနက် ၁၁ နာရီခန့်တွင်တော့ လူအုပ်ကြီးက တဖြည်းဖြည်းများလာပြီး ရွှေဂုံတိုင်လမ်းမကြီးသည် ယာဉ်နှစ်စီး ရှောင်သာရုံသာ လမ်း ပွင့်တော့သည်။ 

အဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် တဦးကလည်း လာရောက်ကြိုဆိုကြသည့် သူများကြောင့် ယာဉ်ကျောများ မပိတ်ဆို့ရေး အတွက် ကူညီကြရန် မေတ္တာ ရပ်ခံနေသည်။ 
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ စထွက်လာပြီဟု သတင်းရသည်နှင့် လူထုပရိသတ်၏ လက်ခုပ်တီးသံ ထွက်ပေါ်လာ သည်။ တစုံတဦးက စပြီး ‘ဒေါ်အောင်ဆန်းစုကြည်’  ဟု တိုင်ပေးလိုက်သည်နှင့် ကျန်သည့် လူထုကြီးက ‘ကျန်းမာပါစေ’ ဟု ဆုတောင်းပေးသံက တပြိုင်နက်တည်း ထွက်ပေါ်လာသည်။ 

အနက်ရောင် စတစ်ကာမှန် တပ်ထားသည့် ကားတစီး ဆိုက်လာတော့ ဒေါ်အောင်ဆန်းစုကြည် လာပြီအထင်နှင့် လက်ခုပ် တီးကြပြန်သည်။ 

မကြာပါ။ ကားအဖြူလေး တစီး NLD ရုံးချုပ်နားသို့ ရောက်ရှိလာသည်။ လူအုပ်ကြီးက လမ်း တဘက် တချက်စီမှ ပြိုဆင်း လာသဖြင့် ရွှေဂုံတိုင်လမ်းမကြီးပေါ် လျှံသွားကာ ယာဉ်ကျောများလည်း ရပ်တန့် ပိတ်ဆို့သွားတော့သည်။ NLD ရုံးချုပ်ရှေ့ မျက်နှာချင်းဆိုင် ရွှေတိဂုံဘုရား နယ်နိမိတ်အတွင်းက ကုန်းမို့မို့ ထက်တွင်လည်း လူများလျှံထွက်နေသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် အဖြူရောင် ကားလေးထဲမှ ထွက်လာကာ လူထုအား လက်ဝှေ့ရမ်း နှုတ်ဆက်လိုက်သည်။ လက်ခုပ်တီးသံ၊ အားပေးသံများလည်း ညံသွားသည်။ 

အစိမ်းရင့်ရောင် ပိတ်ဖောက်ဇာ ရင်ဖုံးအင်္ကျီ လက်ရှည်ကို ၀တ်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဦးခေါင်းထက် တွင် နှင်းဆီပန်း အ၀ါ နှင့် ပန်းဆီရောင်များကို ပန်ဆင်ထားသည်။ ပိန်ပါးသည့် သူ၏ ခန္ဓာကိုယ်သည် တိုးဖိလာသည့် လူအုပ် ကို တောင့်ခံရင်း လက် တဘက် တချက်ကို ညှပ်ကာ ထိန်း၍ ခေါ်ဆောင်သွားသူများနောက် ယိမ်းထိုးပါသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရလေတိုင်း မျှော်လင့်ချက် ရောင်ခြည်များက ပြန်လည် ရှင်သန်လာရမြဲပင်။ ၂၀၀၂ ခုနှစ် မေလ ၅ ရက်နေ့ လွတ်မြောက်လာခဲ့စဉ်ကလည်း အလားတူ မျှော်လင့်ချက်မျိုး ဖြစ်ထွန်းခဲ့ရသည်။ အမျိုးသား ရင်ကြားစေ့ ရေး အတွက် ပြန်လည် လမ်းစဖြစ်ထွန်းနိုင်တော့မည်ဟု မျှော်လင့်ခဲ့ဖူးသည်။ သို့သော် တနှစ်အကြာ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားချိန်မှာတော့ ယင်းမျှော်လင့်ချက် ပျက်သုဉ်း ရတော့သည်။ 

မွန်းတည့်နေသည် ပူပြင်းစပြုလာသည်။ တဦးနှင့် တဦး အသားချင်း ထိမတတ်ပူးကပ်နေသည်မို့လည်း  ပူလောင်လှတော့ သည်။

သစ်သားစင်မြင့်ခုန်ထက် ဒေါ်အောင်ဆန်းစုကြည် လှမ်းတက်ကာ လူထု ပရိသတ်ကို နှုတ်ဆက်တော့ အားပေးသံ၊ လက်ခုပ် တီးသံများ ညံသွားပြန်သည်။ 

၇ ခုနှစ်တာ ဝေးကွာခဲ့သော်လည်း မေတ္တာမပျက်၊ အားပေးမပျက် လာရောက်ကြသည့် လူထုကြီးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလေသည်။ 

ယင်း ၇ နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ဦးကြည်မောင်၊ သခင်အုန်းမြင့်၊ သခင်စိုးမြင့်တို့မှာ မရဏ တရား၏ ခေါ်ဆောင်ရာ သွားခဲ့ကြရပြီဖြစ်သည်။ တချိန်တည်းတွင်း ၀န်ကြီးချုပ် သုံးဦးပင် အပြောင်း အလဲ ဖြစ်ခဲ့ပြီးဖြစ်သည်။ တဦးကတော့ ယခုအချိန်တွင် ထောင်နန်းစံနေရပြီး တဦးကတော သေခြင်းတရားက ခေါ်ဆောင် သွားခဲ့ပေပြီ။ 

သို့သော် နိုင်ငံနှင့် လူထု၏ အခြေအနေမှာ လွန်ခဲ့သည့် ၇ နှစ်က ကဲ့သို့ပင် ထူးမခြားနားခဲ့။ 

“အခု ကျမ ထွက်လာတဲ့ အချိန်မှာ တွေ့မိတာကတော့…. ဟိုနားကြည့်လည်း ကင်မရာ ဖုန်းလေး၊ ဒီနားကြည့်လည်း ကင်မရာ ဖုန်းလေး။…..ဆက်သွယ်ရေးဘက်မှာတော့ အများကြီး တိုးတက်လာပါတယ်။ …..ဖုန်းတွေ ပါလာရင် ထောင်ပြ ပေးကြပါ။ ဘယ်လောက် အများကြီးရှိလဲ သိရအောင်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

လူအများက ဖုန်းကလေးများကိုယ်စီ မြှောက်ကိုင် ပြလိုက်ကြသည်။ 

“တော်တော်များတာပဲ။ ကျမ မနေ့ကမှ ပထမဦးဆုံး အကြိမ် အဲဒီလို ဖုန်းလေး သုံးဖူးတယ်။ အရင်တုန်းက ဒါတွေ ဒီမှာ မရှိ သေးဘူး။ သုံးတဲ့အခါကြတော့ ပါးစပ် ဘယ်မှာ ထားရမှန်းမသိဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိုဘိုင်း ဖုန်းကလေးများအား ဆက်သွယ်ရေးတိုးတက်မှု ပြယုဂ်အဖြစ် အကောင်းမြင်ရှာသည်။ တကယ်တော့ လူဦးရေ ၁၃ သန်းပင် မပြည့်ချင်သည့် နိုင်ငံငယ်တခုဖြစ်သည့် ကမ္ဘောဒီးယားတွင်ပင်၂၀၀၅ ခုနှစ်ကတည်းက ကျပ် တသိန်း ခန့်နှင့် မြင်းလှည်းသမားရော ဆိုင်ကယ် ကယ်ရီသမားပါ ယင်း မိုဘိုင်းဖုန်းများကို အသုံးပြုနိုင်နေပြီ။

“ကျမ အခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျမ တို့ရဲ့ တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြစ်မှာပဲ။ အခု ထက်ထိ ဘယ်မှ မရောက်သေးပါလား။ အခုထက်ထိ ဘာမှလည်း တိုးတက်မှု မရှိပါလား ဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျမတို့ ကြိုးစားရမယ်။ ဝီရိယ ဆိုတာဟာ အင်မတန်မှ အရေးကြီးပါ တယ်” ဟု နှစ်ပေါင်း နှစ်ဆယ်ကျော် လူထု၏ ပင်ပန်းမှုကို အသိမှတ်ပြုစကားဆိုရင်း စိတ်ဓာတ်မကျရန်၊ ၀ီရိယ စိုက်ရန် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းနေသည်။ 

“အလုပ်လုပ်တဲ့အခါမှာ အလုပ်အစမှာလည်း ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာလည်း ဝီရိယ ထုတ် ရမယ်။ အလုပ် နောက်ဆုံးပိုင်း ရောက်ခါနီးမှာလည်း ဝီရိယ ထုတ်ရမယ်။ အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ် တခု ပြီးရင်လည်း နောက်အလုပ်က ပေါ်လာမှာပဲ။ အဲဒီတော့ နိုင်ငံတနိုင်ငံကို တည်ဆောက်တယ် ဆိုတာလည်း အဲသလိုပဲ အလုပ်တွေ တခုပြီး တခု လုပ်သွားရမှာ။ ဒီလောကကြီးမှာ ပကတိ ကျေနပ်စရာဆိုတာ ဘာမှ မရှိပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။

၇ နှစ်တာ အထိန်းသိမ်းခံခဲ့ရသည့် ကာလအတွင်း အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ၊ တာဝန်ကျ လုံခြုံရေးတချို့၊ ဆရာဝန်နှင့် အမှုဆောင်အဖွဲ့ဝင်တချို့သာ အဓိက တွေ့ဆုံဆက်ဆံရသူများဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အတွက် ရေဒီယိုသည်သာ ပြည်သူ့အသံကို နားဆင်ရာ ဖြစ်သည်။

“အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျမ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူတွေက ဘာပြောနေကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း လေ့လာပါတယ်။ တနေ့ ငါးနာရီ၊ ခြောက်နာရီ လောက် နားထောင် နေရတာ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။ ဒါပေမယ့် ပြည်သူ့မျက်နှာနဲ့ နားထောင်ခဲ့တာ”ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

ပြည်သူများ၏ အသံကို ကြားလိုကြောင်း စာရေးနိုင်ကြောင်း၊ ၎င်းတဦးတည်း ပြောသည်ကို ကျန်လူအများ နားထောင် နေရ ခြင်းသည် ဒီမိုကရေစီနည်းမကျကြောင်း အပြန်အလှန် ပြောဆို ဆွေးနွေးလိုကြောင်း ပြောရင်း ရှပ်အင်္ကျီ အ၀ါရောင် ၀တ်ဆင် ထားသည့် သက်လတ်ပိုင်းအမျိုးသားတဦးအား လက်ညှိုးထိုးလိုက်ပြီး“ထပြီးတော့ စိတ်ထဲရှိတဲ့ ဆန္ဒကို ခပ်တိုတိုလေးပြောပါ” ဟု ဆိုသည်။

ယင်းပုဂ္ဂိုလ်လည်း ရှေ့သို့ တိုးလာပြီး စကားပြောမိုက် ကို ယူလိုက်ကာ“အမေစုနဲ့အတူ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကို ရယူပိုင်ဆိုင်ချင်ပါတယ်” ဟု ပြောလိုက်သည်။ 

၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ အရေးအခင်း နောက်ပိုင်းမှသာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်တချို့ကို မြန်မာ့ ရုပ်မြင် သံကြားနှင့် သတင်းစာများတွင် မြင်တွေ့ခွင့်ရခဲ့သည်။ တဖန် သတင်း ပုံရိပ်များ ပျောက်ကွယ်သွားပြန်ပြီး ၂၀၀၉ ခုနှစ် မေလ တွင်မှ နေအိမ်ခြံဝင်းအတွင်း ကျူးကျော် ၀င်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ကြောင့် ခုံရုံးတင် စစ်ဆေးမှသာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ပြန်လည်မြင်တွေ့ခွင့်ရလာသည်။

ယင်းလူထုကြီးက ဒေါ်အောင်ဆန်းစုကြည်က ထဆိုလျင် ထပြီး ထိုင်ဆိုလျင် ထိုင်မည့် အနေအထား။ နိုင်ငံရေးဟူသည် သင်ယူ မှု၊ ပြည်သူများသည် သင်လို့ ရသူများဟု ယုံကြည်သူ။ ၎င်းတို့နှင့် ဆက်ဆံသည့်အခါတွင်လည်း ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံရန်ပြောသူ။ လွတ်လပ်စွာ ပြောဆိုခွင့်သည် လွတ်လပ်စွာ ဆဲဆိုခြင်းမဟုတ်ဟု သင်ပြသူ၊ အမြင် မတူကွဲပြားခြင်းကို လက်ခံနိုင်ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဟု ပြောသူ။

ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ထိန်းသိမ်းထားသူများအပေါ် အာဃာတ မထားကြောင်း၊ ထိန်းသိမ်းထားစဉ် ကောင်းမွန် စွာ ဆက်ဆံခဲ့သည့် တာဝန်ကျ လုံခြုံရေးဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားသွားသည်။

“ကျမ အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေ အားလုံးအပေါ်မှာလည်း ကောင်းကောင်း မွန်မွန် ဆက်ဆံ စေချင်တယ်။ ကျမ ကို အကျယ်ချုပ်ချသလို ပြည်သူတွေကို အကျယ်ချုပ် မချစေချင်ဘူး”ဟုလည်း ဆိုသည်။ 

သူသည် အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အင်အား အစုအဖွဲ့များနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနာ အနည်းဆုံး နည်းလမ်းကို ရွေးချယ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းကျနေသည့် လုပ်ဖော်ကိုင်ဖက်များ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုတောင်း စကားပြောရင်း“ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်”ဟု ကိုယ်တိုင် ရေးသားထားသည့် အဖြူရောင် ကတ္ထူဘုတ်ပြား အား ထောင်ပြပြီး စင်မြင့်ပေါ်မှ ဆင်းသွားတော့သည်။

နေ့လယ် နာရီ ၁ ချက်တီးခါနီး နေအပူရှိန်ကတော့ အားကောင်းဆဲ။ လူထုကလည်း လူစုမကွဲ ဆက်လက် စောင့်ဆိုင်းဆဲ...။

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga