ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနေနှင့် မတရားသော နည်းလမ်းဖြင့် အနိုင်ယူမည် ဆိုပါက ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက် သွားမည် ဖြစ်ကြောင်း တခြားသော ပါတီများက ပြောသည်။
“အခုလက်ရှိ အနေအထားက မတရားမှုတွေများနေတယ်။ အများကြီး နစ်နာမှုတွေ ရှိခဲ့မယ်ဆိုရင် အဲဒီ အပေါ်မှာ မူတည်ပြီး လုပ်သွားရမှာ။ ဘယ်သူမှ မပါတော့ဘူးဆိုရင် သူတို့ရဲ့ ရလဒ်ဟာလည်း တရားမ၀င် ဖြစ်သွားမှာပါ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။
ကြံ့ဖွံ့ပါတီက ဝေသည့် မဲစလစ် ပုံတူ (ဓာတ်ပုံ - ကိုခိုင်)
ကြံ့ဖွံ့ပါတီသည် လက်ရှိအခြေအနေတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုတင်မဲ များကို အင်အားသုံး၍ ကောက်ယူနေကြောင်း စုံစမ်းသိရှိရသည်။
“ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ဘာမှ ပြောဆို လုပ်ပိုင်ခွင့် မရှိပါဘူး။ ကြံ့ဖွံ့ပါတီနဲ့ ဆက်နွှယ်နေတဲ့ အတွင်းရေးမှူးတွေက လုပ်ပိုင်ခွင့်တွေကို အပြည့်ယူပြီး ဘက်လိုက် နေတာ တောက်လျှောက် ပါပဲ” ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။
တိုင်းရင်းသား ဒေသများတွင် ၎င်းတို့၏ တိုင်းရင်းသား ပါတီကိုသာ ထောက်ခံမှု အပြည့်အ၀ ရှိနေပြီး ရွေးကောက်ပွဲ၌လည်း အနိုင်ရရန် အခြေအနေ ကောင်းနေမှုအပေါ် ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ကောက်ယူခြင်းကို ဥပဒေ မျက်ကွယ် ပြု၍ အနိုင်ယူရန် ပြင်ဆင်နေကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ပြောသည်။
ရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်၍ သပိတ်မှောက်ခြင်းကို တိုင်းရင်းသားပါတီများ၊ ဒီမိုကရက်တစ် အင်အားစုများနှင့်အတူ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ မဲဆန္ဒနယ် အများစုတွင်လည်း ကြံ့ဖွံ့ပါတီသည် အတင်းအကျပ် လုပ်ဆောင် နေသည်ကို တွေ့နေရကြောင်း၊ ဥပဒေမဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းသားများ ဒီမိုကရက်တစ် ပါတီ၏ အလုပ်အမှုဆောင် တဦးက ဆိုသည်။
သပိတ်မှောက်ခြင်း၊ မမှောက်ခြင်းသည် ရွေးကောက်ပွဲ၏ ရလဒ်အပေါ် အဓိက မူတည် မည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီအနေဖြင့် လက်ရှိတွင် မတရား လုပ်ဆောင်နေသော်လည်း ရွေးကောက်ပွဲ နေ့တွင် မည်ကဲ့သို့ လုပ်ဆောင်မည်ကို သေချာစွာ လေ့လာ စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ဥက္ကဋ္ဌ ဦးသိန်းဌေးက ရှင်းပြ သည်။
“ကျနော်တို့က ပြိုင်ကြရဦးမှာမို့လို့ ဘာတွေဖြစ်လာမလဲ ဆိုတာ အရင်စောင့်ကြည့်ရ ဦးမှာပါ၊ ပြိုင်ပွဲအပေါ် မူတည် ဆုံးဖြတ်ဖို့တော့ အားလုံး လုပ်ဆောင်ကြရမှာပေါ့” ဟု သူက ဆိုသည်။
ကြံ့ဖွံ့ပါတီသည် ရှမ်း၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသားပါတီများ တည်ရှိရာ နေရာများအပြင် တခြားသော ကချင်၊ ကရင်၊ ကယား၊ ချင်း စသည့် တိုင်းရင်းသားပါတီများ အားကောင်းရာ ဒေသများတွင်လည်း ၎င်းတို့ပါတီ အနိုင်ရရေးကို ပါတီဝင်များက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း ဒေသခံ များထံမှ သိရသည်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga