-နေသွင်-
ရွေးကောက်ပွဲ ပြီးသွားသဖြင့် နိုဝင်ဘာ (၇) ရက်နေ့မှ နောက်ထပ် ရက်ပေါင်း (၉ဝ) အတွင်း လွှတ်တော်နိုင်ငံ ရေး ပေါ်လာတော့မည်။
သို့သော် ကြိုတင်မဲအပါအဝင် အခြားသော ရွေးကောက်ပွဲမသမာမှုများနှင့် ထွက်ပေါ် လာသော ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး မြန်မာပြည်တွင် ဒီမိုကရေစီအသွင်ပြောင်းရေး နိဂုံးချုပ်သွားပြီဟု ဆိုရမည်။
ပိုပိုသာသာဆိုရလျှင် ရွေးကောက်ပွဲဗဟိုချက်ပတ်လည်တွင် ဖြစ်ပျက်နေမှုများသည် နောက်ထပ် လက်နက်ကိုင်ပဋိပက္ခများ၊ သွေးထွက်သံယိုမှုများကိုပင် အားပေးသကဲ့သို့ရှိသည်။
ဥပမာအနေဖြင့် မဲလိမ်ခံရ သော လူထု၏ မကျေနပ်ချက်များ၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားသော ပြည်သူလူထု၊ ရွေး ကောက်ပွဲကို အကြောင်းပြု၍ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ လက်နက်ချရေးကို ငြင်းဆန်နေသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ စသည်တို့ဖြစ်သည်။
၁၉၄၈ ကို ပြည်တွင်းစစ် ပထမလှိုင်း၊
၁၉၈၈ ကို ဒုတိယလှိုင်း ဟု သတ်မှတ်လျှင်
၂ဝ၁ဝ နယ်စပ်စစ်ပွဲများနှင့် လူထူ၏ မကျေနပ်မှုများ အားလုံးကိုပေါင်းရုံးပြီး ပြည်တွင်းစစ် တတိယလှိုင်းဟု သတ်မှတ်ရလိမ့်မည်။
ထို့ကြောင့် ကမ္ဘာကျော် စာအုပ်နှစ်အုပ်အမည်ကို ဆင့်ပွား၍ ဒီမိုကရေ စီဇာတ်သွင်းခြင်း၏ နိဂုံး (End of Democratization)၊ ပြည်တွင်းစစ် တတိယလှိုင်း (Third Wave of Civil War) ဟု နိမိတ်ဖတ်မိသည်။
အဓိကပြောချင်သော အပိုင်းက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိစ္စဖြစ်သည်။ ခြွင်းချက်တချို့ ကိုထား၍ ထိုလွှတ်တော်နှစ်ရပ်ပေါင်းဖြစ်သော ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုခြင်း၊ ဥပဒေပြင်ခြင်း၊ ဖွဲ့စည်းပုံပြင်ခြင်း စသောကိစ္စများ၏ ဗဟိုချက်မလည်းဖြစ်သည်။
သို့သော် ပြည်ထောင်စုလွှတ်တော်တွင် လွှတ် တော်အမတ် (၆၆၄) ဦးတွင် အတိုက်အခံအားလုံး ညီညွတ်သည်ထားဦး၊ (၆၂) ဦးသာရှိသဖြင့် (၁ဝ) ရာခိုင်နှုန်း ပင်မပြည့်တတ်ပေ။
လွှတ်တော်နှစ်ရပ်အတွက် (၁၈) ဦး အနိုင်ရထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီက အတိုက်အခံနှင့်ပေါင်းမည်လား၊ ပြည်ခိုင်ဖြိုးနှင့်ပေါင်းမည်လား မသေချာပေ။
အတိုက် အခံနှင့်ပေါင်း၍ နောက်ထပ် (၃) ရာခိုင်နှုန်း တိုးလာဖွယ်ရှိသည်ထားဦး၊ ထိုအရေအတွက်ဖြင့် လွှတ်တော်တွင် ဘာလုပ်နိုင်မည်နည်းဟု မေးလျှင် ဘာမှမလုပ်နိုင်ဟု ဖြေရုံသာရှိသည်။
ဥပမာတခုအနေဖြင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအင်အားစုတွေ စုပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အဆိုတခုကို ရေးဆွဲထားသည်ဆိုပါစို့။
ထိုကိစ္စကို ပြည်သူ့လွှတ်တော်တွင် တင်လိုလျှင် ပြည်သူ့လွှတ်တော်၏ လေးပုံတပုံ (၁၁၁ ဦး) လက်မှတ်ထိုးရန် လိုအပ် သည်။
လက်တွေ့တွင် ပြည်သူ့လွှတ်တော်တွင် အဆိုပြုလိုသည့်ဘက်မှ စုစုပေါင်း (၄ဝ) ဦးသာ ရှိနေသည်။ အ မျိုးသားလွှတ်တော်ဘက်က စဉ်းစားလျှင် ပိုဆိုးသေးသည်။
(၅၆) ဦး လက်မှတ်ထိုးရန်လိုအပ်နေရာ လက်တွေ့ တွင် (၂၂) ဦးသာရှိနေသည်။
နောက်ဥပမာတခုအနေဖြင့် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို ကျော်လွန်၍ ထင်သလိုလုပ်နေသည် ဆိုပါစို့။
သမ္မတကို စွပ်စွဲအပြစ်တင်လိုပါကလည်း လွှတ်တော်တရပ်၏ အမတ်ဦးရေ လေးပုံတပုံက လက်မှတ် ထိုးတင်ပြမှသာ တရားဝင် ဆွေးနွေးခွင့်ရနိုင်သည်။
အမတ်ဦးရေ စုစုပေါင်း၏ (၃) ပုံ (၂) ပုံက ထောက်ခံမှုဖြင့် ဆက်လက်အရေးယူမည့် ကိစ္စကိုအသာထား၍ အဆိုပြုသည့်အဆင့်မျှကိုပင် မလုပ်နိုင်ပြန်ပေ။
အဆိုပြုသည့် အဆင့်ကို ဆက်ပါဦးမည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွင်လည်း ပြင်ဆင်ရေးမူကြမ်းကို ပြည် ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ (၂ဝ) ရာခိုင်နှုန်းဦးက တင်ပြမှသာ လက်ခံဆွေးနွေးမည်ဟု ၂ဝဝ၈ ဖွဲ့စည်းပုံတွင် ပါရှိသည်။
ထို့ကြောင့် (၄) ပုံ (၃) ပုံကျော် ထောက်ခံမှုဖြင့် လက်တွေ့ဥပဒေပြင်ဆင်ရေးကို အသာထား၍ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်မူကြမ်းအဆင့်ကိုပင် လွှတ်တော်သို့ အဆိုတင်သွင်းနိုင်သည့် အခြေအနေပင် လက်တွေ့တွင်မရှိပေ။
ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီနှင့် စစ်ဘက်ကိုယ်စားလှယ်ပေါင်း (၈၇) ရာခိုင်နှုန်းရှိနေရာ ဥပ ဒေသစ်တခုကို ရေးဆွဲလိုလျှင် မခဲယဉ်းပေ။
ဥပမာ - စစ်ဘက်ဆိုင်ရာ ဥပဒေမူကြမ်းတခုက စစ်တပ်ကိုယ်စား လှယ် (၂၅) ရာခိုင်နှုန်းက မူကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြလျှင် လက်ခံစဉ်းစားရတော့မည်။
ကြံ့ခိုင်ရေး ပါတီက အနည်းဆုံးတဝက် ထောက်ခံလျှင်ပင် အတည်ဖြစ်လာတော့မည်။
ထိုအချိန်ကျမှ သဘောမတူ၍ လွှတ်တော်ကို သပိတ်မှောက်လျှင်လည်း အချိန်မမီတော့ပေ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပသည့်ကိစ္စတွင် ပထမနေ့တွင် စုစုပေါင်း၏ ထက်ဝက်ကျော် တက်ရောက်လျှင် အထမြောက်သည်။
အထမမြောက်၍ ရွှေ့ဆိုင်းလျှင် ပြန်လည်ကျင်းပ သောအခါ သုံးပုံတပုံ တက်ရောက်လျှင် အထမြောက်သည်။
မည်သည့်နည်းဖြင့် အထမြောက်မြောက် တက် ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်၏ များရာဆန္ဒမဲ (ထက်ဝက်ကျော်) ဖြင့် ဆုံးဖြတ်ချက်များသည် ဥပ ဒေများ ဖြစ်လာတော့မည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရွှေ့ဆိုင်းထားသည့်ရက်မှအပ (၁၅) ရက် ဆက်တိုက်ပျက်ကွက်လျှင် အရေးယူခံရမည်။
သို့သော် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာတ ချို့ လစ်လပ်နေစေကာမူ လုပ်ငန်းများဆောင်ရွက်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံတွင် ပါပြီးသားဖြစ်သည်။
လွှတ်တော်ခေါ်ယူရေးကိစ္စကို ဆက်ပါမည်။
၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကိုလည်း လွှတ်တော်နာယက က တနှစ်လျှင် အနည်းဆုံး တကြိမ်ခေါ်ယူကျင်းပရမည်။
အကယ်၍ အထူးအ စည်းအဝေး၊ အရေးပေါ်အစည်းအဝေးခေါ်ရန်ကိစ္စပေါ်လျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၏ လေးပုံတပုံက တောင်းဆိုရမည်။
ထို့ကြောင့် စစ်ဘက်ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးဘက်က လွှတ် တော်ခေါ်လိုလျှင် အချိန်မရွေးခေါ်နိုင်ပြီး အတိုက်အခံဘက်က လွှတ်တော်ခေါ်လိုလျှင် ပုံမှန်အစည်း အဝေး ကျင်းပသည့်အထိ စောင့်ရမည်။
ပုံမှန်အစည်းအဝေး ကျင်းပသည့်အခါတွင်လည်း မူကြမ်းတင်ရန် အမတ် (၂၅) ရာခိုင်နှုန်း လိုအပ်ပြန်သဖြင့် အဆိုမပြုနိုင် ပြန်ပေ။
အထက်ပါအချက်များနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို ပြန်သုံးသပ်၍ (၂၅) ရာခိုင်နှုန်းသည်ပင် စစ်တပ်က အရပ်သားတို့အတွက် အမြင့်ဆုံးပေးရန် လျာထားသော ဝေစုဟု စဉ်းစားမိသည်။
ပထမထောင် ချောက်ဟု ဆိုရမည်။ နောက်ထပ်ထောင်ချောက်များစွာရှိသေးဟု ဆိုလိုရင်းဖြစ်သည်။
တနည်းအားဖြင့် အဆို ပါ ဒီမိုကရေစီတွင်းနက်ကြီး (The Black Hole of Democracy) သည် လွှတ်တော်တွင် ပေါ်လာသမျှ ကိစ္စအ ဝဝကို ဆွဲချသွားမည့်သဘောရှိသည်။
ဒီမိုကရေစီဖြစ်စဉ်တွင် အစမျှသာဖြစ်သော ဆွေးနွေးသည့်အဆင့်၊ စဉ်း စားပေးသည့် အဆင့်မျှကိုပင် ခွင့်မပြုချင်လျှင် လွှတ်တော်နိုင်ငံရေးမှတဆင့် ဒီမိုကရေစီ အဆင့်ဆင့် အသွင် ပြောင်းလဲမှု (Democratization) လုပ်သွားမည့် မျှော်လင့်ချက်သည် အဓိပ္ပာယ်မရှိတော့ပေ။
စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီအစတွင်ပင် ဒီမိုကရက်တိုက်ဇေးရှင်း နိဂုံးချုပ်သွားပြီဟု ဆိုရမည်။
-နေသွင်-
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga