Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Monday, October 25, 2010

မြန်မာ့ရွေးကောက်ပွဲ - ပြည်သူဘာကြောင့်ပါသင့်သလဲ

မဇ္ဈိမ - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ခေါ် မြန်မာစစ်အစိုးရသည် အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံဖြင့် သာယာစိုပြေဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ ချီတက်မည်ဟု တလျှောက်လုံးကြွေးကြော်လာခဲ့သည်။ သို့သော် မလိုသူများက အဆိုပါလမ်းပြမြေပုံသည် စစ်အုပ်ချုပ်ရေးကိုတရားဝင် တည်တံ့ခိုင်မြဲအောင်လုပ်ခြင်းဟုသာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့ဖာသာသူတို့ပေးအပ်ထားသော တာဝန်အရ နအဖသည် ရွေးကောက်ပွဲကို ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်တွင်ကျင်းပမည်ဟု သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ဤတွင် ဒီမိုကရေစီ အတိုက်အခံခေါင်းဆောာင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသတွင်းနှင့်နိုင်ငံတကာမှ ပတ်သက်နေသူများ အကြား ရွေးကောက်ပွဲတွင် မြန်မာပြည်သူများပါဝင်သင့် မသင့် အကြီးအကျယ်ငြင်းခုံလာတော့သည်။


ဒီမိုကရေစီအရေး စည်းရုံးလှုံ့ဆော်နေသူများအကြားတွင်လည်း ရွေးကောက်ပွဲအယူအဆကို သတိကြီးစွာထားပြီးထောက်ခံသူနှင့် မထောက်ခံသူဟူ၍ကွဲပြားသွားတော့သည်။ လာမည့် ရွေးကောက်ပွဲကိုဆန့်ကျင်သူတို့က ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် စစ်အစိုးရခေါင်း ခေါက်ရွေးထားသည့် ဥပဒေပညာရှင်များ ၁၄ နှစ်ကြာရေးဆွဲထားသည့် ၂ဝဝ၈ အခြေခံဥပဒေ ကို ထောက်ခံအသိအမှတ်ပြုရာရောက်လိမ့်မည်ဟုဆိုသည်။ မနှစ်မြို့သူအများစုကမူ အဆိုပါဖွဲ့စည်းပုံကို စစ်အစိုးရသက်ဆိုးရှည်ရေး ကြိုးပမ်းမှုသက်သက်သာအဖြစ် မြင်ကြသည်။ အခြားတဖက်တွင်မူ ရွေးကောက်ပွဲကို သတိကြီးစွာထားပြီး ထောက်ခံသူတို့ကလည်း မြန်မာ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးသို့ တဖြေးဖြေးသွားနေသည့် အဆင့်တဆင့်ဟု မြင်ကြသည်။ စစ်အစိုးရထုတ်ဖော်ကြေညာထားသည့် အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံ အပါအဝင် နိုင်ငံရေးရည်မှန်းချက်များ မလုပ်နိုင်အောင် ဟန့်တားနှောင့်ယှက်ရာတွင် မအောင်မြင်ခဲ့ကြောင်း အဆိုပါ သတိကြီးကြီးနှင့် ထောက်ခံသူများက ထုတ်ဖော်ဝန်ခံကြသည်။ အယူအဆများမည်သို့ပင်ကွဲပြားပါစေ၊ နှစ်ဖက်စလုံးတွင် တူညီသောကံကြမ္မာနှင့် တူညီသောအကျိုးစီးပွားရှိကြသည်။ ယင်းတို့မှာ စစ်အာဏာရှင်စနစ်ကို ရွံမုန်းကြခြင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများပေါ်ပေါက်လာစေရန် တောင့်တခြင်းဖြစ်သည်။

တူညီသောရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီထွန်းကားသောမြန်မာနိုင်ငံသို့ရှေ့ရှုချီတက်ရာ တွင် မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာမိတ်ဆွေများ ကျနော်တို့အားလုံးတွက် အရေးကြီးသည်က ဖြေးဖြေးပင်ဖြစ်သော်လည်း မြန်မာနိုင်ငံကို မုချ ဒီမိုကရေစီအပြည့်အဝရှိစေသည့် နိုင်ငံအဖြစ်ဦးတည်သွားစေမည့် အလုပ်ဖြစ်နိုင်သော အတွေးအခေါ်များနှင့် လက်တွေ့ ကျသည့်ချဉ်းကပ်မှုများရှိစေရေးပင်ဖြစ်သည်။ ၁၉၈၈ လူထုအုံကြွမှုကြီးပြီးကထဲက ကျနော်တို့ နှစ်ပေါင်း ၂ဝ ကျော်ကြာ ကျင့်သုံးလာခဲ့သော အဂ္ဂမဟာဗျူဟာဖြစ်သည့် တဖက်သတ်ပိတ်ဆို့ ဒဏ်ခတ်အရေးယူခြင်းများ၊ အထီးကျန်ထားခြင်းနှင့် ကြေညာချက်များထုတ်ပြန်ခြင်းစသည်တို့သည် စစ်အစိုးရကို ဒီမိုကရေစီစနစ်ကူးပြောင်းရေး ဖိအားပေးရာတွင် မထိရောက်ကြောင်း တွေ့ခဲ့ရပြီးဖြစ်သည်။ လက်တွေ့ကျသောချဉ်းကပ်မှုဆိုသည်မှာ စည်းကမ်းချက်များထားရှိသည့် ထိတွေ့ဆက်ဆံရေးမူဝါဒများကိုကျင့်သုံးပြီး တဆင့်ပြီးတဆင့်ပြောင်းလဲရေး၊ ပြည်တွင်းဖိအား ကို ပြင်ပအင်အားစုများ၏ ထောက်ခံအားပေးမှုဖြင့် အသုံးချခြင်းတို့ဖြစ်သည်။ မြန်မာပြည်တွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းသည် ပြည်တွင်းမှသာလာရမည်ဆိုသည်ကို သိရှိပြီးဖြစ် သည့်အလျောက် ဘက်ပေါင်းစုံညှပ်၍ဖိအားပေးသည့်နည်းကို ထောက်ခံအားပေးကြရမည်။ သို့သော် ဘက်ပေါင်းစုံဆိုရာ၌လည်း အဓိကမှာ ပြည်တွင်းဖိအားသာဖြစ်ရမည်။ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲသည် မြန်မာပြည်တွင်းမှပြည်သူများ စစ်အစိုးရကိုဖိအားပေးနိုင်မည့် နည်းလမ်းတရပ်ဟု ကျနော်တို့ယုံကြည်ပါသည်။

တဖြေးဖြေးပြောင်းလဲယူရေးတည်းဟူသော ကျွန်ုပ်တို့၏မဟာဗျူဟာကိုလက်ခံသည့် လာမည့် ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တည်း ဟူသော ဥပဒေပြုအဖွဲ့များတွင်ရွေးကောက်ခံရမည့် အမတ်များသည်  စစ်အစိုးရကို ဒီမိုကရေစီစံများ ကျင့်စဉ်များလက်ခံကျင့်သုံးလာစေရန် ဖိအားပေးနိုင်ကြပါလိမ့်မည်။ လာမည့် ရက်များတွင် စစ်အစိုးရလုပ်သမျှကို ဆန့်ကျင်ကန့်ကွက်ရုံသာကန့်ကွက်နေပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခြေအနေများပြောင်းလဲရေး၌ အခြားလမ်းကြောင်းများရှိသေးကြောင်း ချမပြနိုင်လျှင် ဒီမိုကရေစီအတိုက်အခံများ၏ ကြိုးပမ်းမှုများကို သဏ္ဌာန်မျှသာ ပြယုဂ်ကျန်အောင် အဆင့်အတန်းလျှောကျသွားစေလိမ့်မည်။ ဤသို့ဆိုသဖြင့် စစ်အစိုးရသည် သူ့အကျိုးစီးပွားနှင့် စည်းစိမ်ဥစ္စာကိုကာကွယ်ရန် ဘာမဆိုလုပ်မည်ဟူသည့် အချက်ကိုငြင်းပယ်ခြင်း မဟုတ်ပါ။ စစ်အစိုးရ၏သန္နိဋ္ဌာန်ဖြစ်သော သူတို့၏စစ်တပ်အုပ်စိုးမှုကို ကာကွယ်ရန် ကတုတ်ကျင်းတူးအခိုင်အမာနေရာယူနေကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေက သက်သေခံ နေပါသည်။ ဥပဒေပြုလွှတ်တော် ၄ ရပ်စလုံးတွင် စစ်တပ်အတွက် ၂၅ ရာနှုန်း သောနေရာကို သီးသန့်ဖယ်ထားရသည်။ ထို့ပြင် အရေးပါသည့်အစိုးရဌာနကြီးများ၏ အကြီးအကဲများကို စစ်တပ်တွင်အမှုထမ်းဖူးသူများသာ ခန့်ထားရမည်ဟု အခြေခံဥပဒေကပြဋ္ဌာန်းထားသည်။ ပို၍ဆိုးသည်က အခြေခံဥပဒေကိုပြင်ဆင်မှုမှန်သမျှ လွှတ်တော်အမတ်အားလုံး၏ ၇၅% ကျော် က ထောက်ခံရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် လက်တွေ့အားဖြင့် ပြောရ လျှင် အနာဂတ်တွင်ပြုလုပ်မည့် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မဆို စစ်တပ်၏ ထောက်ခံမှုလိုမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံမှတဆင့် စစ်တပ်အုပ်စိုးမှုကို ခိုင်မာအမြစ်တွယ်အောင်လုပ်ထားသည်ကိုကြည့်လျှင် မည်သည့်ဖွဲ့စည်းပုံမဆို လွှမ်းမိုးချုပ်ကိုင် ထားသောအင်အားစု၏  စိတ်ဆန္ဒကို ရောင်ပြန်ဟပ်နေခြင်းကို  သက်သေပြနေသည်။

စစ်အစိုးရက သူ့ရည်မှန်းချက်ပန်းတိုင်ရှိရာကို သွားနေသည်ကို ကျနော်တို့ မဟန့်တားနိုင် ကြောင်းဝန်ခံပါသည်။ သို့သော် မြန်မာပြည် ဒီမိုကရေစီအပြည့်အဝရှိသည့် အခြေအနေသို့ ကူး ပြောင်းသွားပါက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပယ်ဖျက်ပစ်နိုင်သည်ဟူသည့် အချက်ကြောင့် ကျနော်တို့အားတက်မိပါသည်။ ယခင်ဖွဲ့စည်းပုံဟောင်းများပျက်ပြယ်သွားခဲ့ သည့် အတွေ့အကြုံများကလည်း ဤအချက်ကိုထောက်ခံနေပါသည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရအက်ဥပဒေ၊ ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံအခြေခံဥပဒေ၊ ၁၉၇၄ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အားလုံးတို့သည် အစိုးရများပြောင်းလဲသွားသည်နှင့်တပြိုင်နက် ပျောက်ကွယ်သွားကြသည်။ အလားတူပင် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း သမိုင်းအမှိုက်ပုံထဲသို့ အနှေးနှင့်အမြန် ရောက်ရှိသွားမည်သာဖြစ်သည်။ ထို့ကြောင့် ညီတော်နောင်တော်များကို တိုက် တွန်းလိုသည်မှာ ဆန့်ကျင်လိုစိတ်သက်သက်မျှနှင့်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေးဟူသောတိုက်ပွဲတွင် နစ်မနေပါစေနှင့်။ ထိုသို့ဖြစ်နေမည့်အစား ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး အတိုက်အခံတို့၏အခန်းကဏ္ဍ အသေးစိတ်မဟာဗျူဟာကျကျ ပြန်လည်နေရာချထားခြင်းကိုသာ အာရုံစိုက်လုပ်ကြပါဟု ပြောလိုသည်။

ဤသို့ကျနော်တို့၏ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အနာဂတ်မဟာဗျူဟာချမှတ်ရာတွင် ကျနော် တို့ အလေးအနက်အကြံပြုလိုသည်မှာ တစတစပြုပြင်ပြောင်းလဲရေးသည်သာ မြန်မာနိုင်ငံကို ဒီမိုကရေစီအပြည့်အဝရှိသည့် နိုင်ငံတနိုင်ငံအဖြစ် အမှန်တကယ်ပြောင်းလဲပေးနိုင်မည့် အလုပ် ဖြစ်သောချဉ်းကပ်မှုဖြစ်သည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဤချဉ်းကပ်မှုကို ကျနော်တို့ အဘယ်ကြောင့်ချမှတ်ရသည်ဆိုသည့် အကြောင်းများမှာ ဤသို့ဖြစ်သည်။

ယခုအထိ စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ပြီး အထီးကျန်ဖြစ်အောင် လုပ်ရေးကြိုးပမ်းချက်များ မအောင်မြင်မထိရောက်သေးပါ။ ဒေသတွင်းအင်အားကြီးနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အာဆီယံ နိုင်ငံတို့၏ ထောက်ခံမှုမရသည့် ဒဏ်ခတ်ပိတ်ဆို့ မှုများသည် စစ်အစိုးရအပေါ် စတိမျှလောက်သာကျရောက်ပါလိမ့်မည်။ အသားအရောင်ခွဲခြား သော အစိုးရကို ကုလသမဂ္ဂကဒဏ်ခတ်ပိတ်ဆို့ခဲ့သည့် တောင်အာဖရိကနိုင်ငံ၏ အတွေ့ အကြုံကကျနော်တို့နှင့်ကွာသည်က နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သည့်ထောက်ခံမှု ကိုရရှိခြင်းဖြစ်သည်။ သို့သော်မြန်မာအတိုက်အခံများကမူ နိုင်ငံတကာအဆင့်တွင် ဘုံသဘော ထားတရပ်ရအောင်မယူနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ ရေးကို မလုပ်နိုင်ခဲ့ကြပါ။

ကိုယ်ပိုင်အကျိုးစီးပွားများရှိနေသည့်အတွက် တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့လို ဒေသတွင်းနိုင်ငံများမှာ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ ရန်တောင်းဆိုမှုတွင် မပါကြပါ။ ထို့ကြောင့်ပင် ကျွန်ုပ်တို့ သမ္မတအိုဘားမားအစိုးရ ၏ စည်းကမ်းချက်များထားရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒကို ထောက်ခံရသည်။ ဤသို့ စည်းကမ်းချက်များထားရှိသည့် ထိတွေ့ဆက်ဆံရေးမူဝါဒများချမှတ်ကြရန် တောင်းဆိုခြင်းဖြင့် နိုင်ငံတကာအစိုးရများအဖို့ မြန်မာအစိုးရအပေါ် ဖိအားပေးရာတွင် ပြည်ပမှမဟုတ်ဘဲ ပြည်တွင်းမှပေးရန် အကောင်းဆုံးအခွင့်အလမ်းများရစေမည်ဟု ကျနော်တို့ယုံကြည်ပါသည်။ အဆုံးစွန်ပြောရလျှင် ဤနည်းလမ်းကိုသုံးခြင်းဖြင့် ကျနော်တို့နှစ်ရှည်လများ လိုချင်တောင့်တနေသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးတည်းဟူသောရည်မှန်းချက် အောင်မြင်ရန် အခွင့်အလမ်းကောင်းများပိုရရှိစေလိမ့်သည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း မြန်မာပြည်တွင် စစ်မှန်သော အပြောင်းအလဲများသည် ပြည်တွင်းမှသာလာမည်ဟူသည့် အယူအဆကို ကျနော်တို့လက်ခံကြရမည်။ ဤသို့ဆိုရာတွင် နိုင်ငံများစွာတွင် အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခဲ့သည့် လူထုအုံကြွမှုများလည်းပါသည်။ သို့သော် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ၁၉၈၈ နှင့် ၂ဝဝ၇ လူထုအုံကြွမှုနှစ်ရပ်စလုံးတွင် အပြစ်မဲ့အရပ်သားများသေကြေခဲ့ရပါသည်။ နှစ်ကြိမ် စလုံးတွင် အတိုက်အခံခေါင်းဆောင်မှု၏ အရည်အချင်းမပြည့်စုံမှုကြောင့် ဆန္ဒပြပွဲများရှုံးနိမ့်ခဲ့ရသည်။ စစ်အစိုးရက ဆန္ဒပြသူများကို ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက်နှိမ်နင်းသည်ကို တွေ့ခဲ့ရပြီးနောက် ပြည်တွင်းမှ ပြည်သူများ အရင်ကထက်ပိုကြောက်သွားကြသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးစစ်တပ်တတပ်ရှိနေသည့် နိုင်ငံတွင် နောက်ထပ် ကြီးမားသည့် လူထုဆန္ဒပြပွဲကြီးတရပ်ပေါ်ပေါက်လာရေး မျှော်မှန်းကြည့်ရသည်မှာ ပိုပြီးခက်လာသည်။ ထို့ပြင် မကြာမီနှစ်များအတွင်း စစ်တပ်အင်အားအကြီးအကျယ်တိုးချဲ့ တည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲနည်းဖြင့် ဖြုတ်ချရေး ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ပေ။

ထို့ကြောင့်ထိတွေ့ဆက်ဆံမှုလည်းမရှိ၊ ပြည်တွင်းဖိအားလည်းမရှိသည့် ပြင်ပဖိအားဆိုသည်မှာ နောင်တွင်လုံလောက်တော့မည်မဟုတ်ပါ။ ပြည်တွင်းအင်အားစုများကို အများဆုံးဖြစ်စေရန် အင်အားစုဆောင်းသည့် နိုင်ငံရေးယဉ်ကျေးမှုတရပ် ပြည်တွင်းတွင်ပြောင်းလဲကျင့်သုံးရေး ကျနော်တို့အာရုံစိုက်လုပ်ဖို့လိုပါသည်။ ရည်ရွယ်ရင်းက ဒီမိုကရေစီယဉ်ကျေးမှုနှင့် ကျင့်စဉ်များ စတင်ပျိုးထောင်သည့်လုပ်ငန်းကို အထောက်အကူဖြစ်စေသည့် နိုင်ငံရေးစင်မြင့်တရပ်ရရှိရေးပင်ဖြစ်သည်။ ထိုစင်မြင့်မှတဆင့် အာဏာရှိသူများနှင့် အတိုက်အခံအဖွဲ့အစည်းတို့အကြား အကြမ်းမဖက်နည်းလမ်းနှင့် တယောက်နှင့်တယောက်ထိတွေ့ဆက်ဆံနိုင်ကြမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲယူရာတွင် လူလတ်တန်းစားများသည် အဓိကစွမ်း ဆောင်နိုင်သူများဖြစ်သည်ဟု ယုံကြည်သည့်အလျောက် အဆိုပါလူလတ်တန်းစားများ တိုးပွား လာနိုင်ရေး အထောက်အကူပြုမည့် စီးပွားရေးစနစ်ကို ဖွင့်ပေးရေး ကျနော်တို့ တောင်းဆိုပါသည်။ နောက်ပိုင်းတွင် အဆိုပါ လူလတ်တန်းစားက တာဝန်ယူမှုရှိပြီး ဥပဒေကအမြင့်ဆုံးတွင်ရှိသည့် အစိုးရကောင်းကိုသာ တောင်းဆိုကြမည်မဟုတ်တော့ဘဲ  အုပ်ချုပ်ရေးကိစ္စတွင် သူတို့လည်း ပြောရေးဆိုခွင့်ရရန် တောင်းဆိုကြမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအစဉ်အလာတရပ်မရှိခြင်းဆိုသည့် အချက်ကို မြန်မာ့အရေး စောင့်ကြည့်လေ့လာလိုသူများလက်ခံရန်လည်း အကြံပြုလိုပါသည်။ မြန်မာ့နိုင်ငံရေးယဉ်ကျေး မှုတွင် ထိုအလေ့အကျင့် မရှိခြင်းမှာ ၁၉၄၈ လွတ်လပ်ရေးရပြီးကထဲကဖြစ်သည်။
ခေတ်သစ်မြန်မာသမိုင်းတလျှောက် ဒီမိုကရေစီအစိုးရလက်အောက်မှာရော၊ အဆက်ဆက်သော အာဏာရှင်စစ်အစိုးရလက်ထက်များတွင်ပါ အာဏာရှင်နိုင်ငံရေးယဉ် ကျေးမှုနှင့် မင်းဆိုးမင်းညစ်အစဉ်အလာများသာ အဓိကအားဖြင့် လွှမ်းမိုးနေခဲ့သည်။

၁၉၄၈ မှ ၁၉၆၂ အတွင်း  ပါလီမန်ဒီမိုကရေစီခေတ်ကို လေ့လာသုံးသပ်ချက်များအရ  အာဏာရ ဖဆပလ နှင့် အတိုက်အခံပါတီများကြားဆက်ဆံရေးသည် မပူးပေါင်းရေး၊ အလျှော့မပေးရေး၊ မဆက်ဆံရေး မူဝါဒများသာ ကျင့်သုံးခဲ့ကြသည်ကို တွေ့ရသည်။ ထိုအချိန်က အစိုးရက တင်သွင်းခဲ့သော ဥပဒေကြမ်း မှန်သမျှကို အတိုက်အခံများက ဆန့်ကျင်ခဲ့ကြသည်။ ထိုအတိုင်းပင် အတိုက်အခံတင်ပြသမျှကိုလည်း အာဏာရအစိုးရက ဆန့်ကျင်ခဲ့သည်။ ထို့နောက် စစ်အာဏာရှင် ဦးနေဝင်းက သူ့ကိုထောက်ပင့်ပေးထားနိုင်မည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုသည်ကိုတီထွင်ကာ တပါတီအစိုးရပေါ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ၁၉၇၄ တွင် ပြဋ္ဌာန်းခဲ့သည်။ ၁၉၈၈ မှစ၍ ယခု နအဖ အစိုးရက အာဏာကိုချုပ်ကိုင်ထားသည်။

မည်သို့ဖြစ်စေ ယခုဖွဲ့စည်းပုံက မဆလခေတ် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံနှင့်မတူသည်က ဥပဒေပြုအမတ်များကို အကန့်အသတ်နှင့် လှုပ်သာရှားသာရှိအောင်ခွင့်ပေးထားသည်။ ဆန့်ကျင်ကွဲပြားသည့်အမြင်များကို အတိုက်အခံအမတ်များ မည်မျှ တင်ပြနိုင်မည် ကျနော်တို့မသိကြောင်းဝန်ခံပါသည်။ စစ်တပ်၏စိတ်ထဲ လောလောဆယ် စွဲနေသည့် ဒီမိုကရေစီအမြင်ကို မည်မျှထိ ပြောင်းလဲပေးနိုင်မည်ဆိုသည်ကိုလည်း ကျနော်တို့မသိပါ။ သို့သော် ၂ဝ၁ဝ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၌ သေချာပေါက်ရှိမည့် တချက်ကိုတော့ ကျနော်တို့ပြောနိုင်ပါသည်။ ၄၈ နှစ်အတွင်း ပထမဆုံးအကြိမ် စစ်တပ်ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံအမတ်များ တိုင်းပြည်ကိုအတူထိုင်၍ ပူးတွဲ အုပ်ချုပ်ကြသည်ကို မြင်ကြရပေလိမ့်မည်။

ရွေးကောက်ပွဲတွင် စစ်အစိုးရက ခြိမ်းခြောက်အကြပ်ကိုင်သည့် နည်းများသုံးမည်ဆိုသည်က လျှို့ဝှက်ချက်မဟုတ်ပါ။ လက်ရှိ နိုင်ငံရေးလွှမ်းမိုးချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းရန် ရွေးကောက်ပွဲရလဒ်ကို ကပြောင်းကပြန်လုပ်ပစ်ရန် နအဖနှင့် ကြံ့ဖွံ့ နည်းဗျူဟာပေါင်းစုံသုံးကြမည်ကို ကျနော်တို့ နားလည်ပါသည်။ စစ်အစိုးရက နိုင်ငံတကာရွေးကောက်ပွဲ အကဲခတ်များ လက်မခံသည်ကို အခြား မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများစွာကဲ့သို့ ကျနော်တို့လည်း စိုးရိမ်ပါသည်။ သို့သော် အခြားတဖက်ကကြည့်လျှင် သူတို့နာမည်ဂုဏ်သတင်းပျက်မည့် အန္တရာယ်အကြီးအကျယ်ရှိသည့်အတွက် အဆိုပါ နိုင်ငံတကာအကဲခတ်များကလည်း မြန်မာ့ရွေးကောက်ပွဲကို လာရောက် လေ့လာ အကဲခတ်လိုစိတ်မရှိမည်ကို ကြိုမြင်နေပါသည်။ ထိုသို့လာလိုက်ခြင်းဖြင့် မဲလိမ်မဲခိုးသည်ကို ထောက်ခံအသိအမှတ်ပြုရာရောက်ပါမည်။ သို့သော် တခုတော့လုပ်နိုင်ပါသေးသည်။ ဥပမာ ရွေးကောက်ပွဲတွင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများက လွတ်လပ်ပြီး ဘက်မလိုက်ဘဲ ပါတီစွဲမရှိသည့် ရွေးကောက်ပွဲ အကဲခတ်အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုကြောင်း ကော်မရှင်ထံ တရားဝင်စာတစောင် ပို့သင့်သည်။

ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ထိုသို့ဖွဲ့စည်းမည့် ရွေးကောက်ပွဲအကဲခတ်အဖွဲ့က ရွေးကောက်ပွဲဖြစ်စဉ်များ လွတ်လပ်မျှတရန်ဆောင်ရွက်ပေးသင့်သည်။ ထို့ပြင် ကော်မရှင်ထံ စာရေးသားတင်ပြထားသည့် ရွေးကောက်ပွဲ အကဲခတ်အဖွဲ့နှင့် သီးခြားတရားမဝင် အလွတ်သဘောဖွဲ့ထားသည့် ကိုယ်ပိုင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့မျိုးလည်း ဖွဲ့စည်းထားသင့်သည်။ ထိုအဖွဲ့က ရွေးကောက်ပွဲ ဖြစ်စဉ်ကို စောင့်ကြည့်အကဲခတ်ခြင်းရော၊ မဲဆန္ဒရှင်ပြည်သူများကို ရွေးကောက်ပွဲ အကြောင်းပညာပေးလုပ်ငန်းကိုပါ လုပ်ဆောင်ရမည်။ ရွေးကောက်ပွဲ မသမာမှုများနှင့် လိမ်လည်မှုများကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းနိုင်ရေးအတွက်လည်း နိုင်ငံရေး ပါတီများ ပြင်ဆင်ထားရမည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေးပြက်လုံးတခုရှိသည်။ `ခင်ဗျားမဲမပေးဘူးဆိုရင် နောက် ၄ နှစ် အတွင်းဘာမှ ညည်းညူမနေနဲ့´ တဲ့။ မြန်မာပြည်သူများသည်  မိမိ နှစ်သက်ရာကိုယ်စားလှယ်လောင်းကိုခြေခြေမြစ်မြစ်သိပြီးမှ ရွေးချယ်ခြင်းဖြင့် မိမိတို့၏ ဒီမို ကရေစီအခွင့်အရေးကို ကျင့်သုံးသင့်ပါသည်။ တချိန်ထဲတွင် ကိုယ်စားလှယ်လောင်းများ ကလည်း မြန်မာနိုင်ငံတွင် ရာစုတဝက်ကျော် ကွယ်ပျောက်နေခဲ့သည့် ဒီမိုကရေစီကျင့်စဉ် များကို မြှင့်တင်ပေးနိုင်မည့် ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုသစ်တရပ် ထူထောင်ရန် ပြင်ဆင်ထားသင့်ကြသည်။


(Commentary) Burma’s election: Why should the people engage? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga