Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Thursday, November 4, 2010

ရွေးကောက်ပွဲလွန် နိုင်ငံရေးထဲက ငြိမ်းချမ်းရေး

ရဲဘော်ဖိုးသံချောင်း

ဒီနေ့ ဗမာပြည် နိုင်ငံရေးမှာ လှုပ်ရှားနေသူတွေဟာ မတူတဲ့ နယ်ပယ်နှစ်ခုမှာ လှုပ်ရှားနေကြသလို ဖြစ်နေပါတယ်။ တချို့လူတွေ၊ အဖွဲ့အစည်းတွေက ရက်ပိုင်းသာလိုတော့တဲ့ ရွေးကောက်ပွဲအတွက် အဓိက လုံးပမ်းနေကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ အဓိကအားဖြင့် နအဖအစိုးရ (ကြံ့ဖွတ်အပါ)နဲ့ ရွေးကောက်ပွဲ ဝင်မယ့် အင်အားစုတွေ ပါဝင်ပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲကို ခုအခါမှာ အဓိက အရေးကြီးဆုံး လုပ်ငန်းလို့ သဘောထားကြပါတယ်။ နောက်သတိထားစရာအချက်က သူတို့ဟာ တခြားလှုပ်ရှားမှုတွေကို အခုအခါမှာ (ယာယီပဲဖြစ်ဖြစ်) ဘေးချိတ်ထားကြပါတယ်။ လုပ်ငန်းအားလုံးဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိရေးကို အထောက်အကူဖြစ်ရေး ဖြစ်နေပြီး ကျန်အားလုံးကို အဲဒီလုပ်ငန်းရဲ့လက်အောက်ခံလို့ သူတို့က သဘောထားကြပါတယ်။ 


အဲဒီအစိုးရဟာ နအဖရဲ့ ပြည်သူလူထုကို လက်နက်နဲ့ အကြမ်းဖက်တဲ့ ပေါ်လစီကို ဆက်ဆုပ်ကိုင်ထားသလား၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အာဃာတ - ရန်ငြိုးထားမြဲ ထားရှိသလား၊ ကိုယ်နဲ့ အမြင်မတူသူကို ကိုယ့်ရန်သူလို့ ယူဆနေသေးသလား ဆိုတာတွေ ပေါ်လာမှာပါ။

နောက်တမျိုးကတော့ နအဖရဲ့ရွေးကောက်ပွဲကို လုံးဝအာရုံမထားပဲ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေး အခင်း အကျင်းအတွက် ပြင်ဆင်လုံးပမ်းနေကြပါတယ်။ သူတို့အမြင်မှာရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် ဘာအကျိုးစီးပွားကိုမှဖြစ်ထွန်းစေမှာ မဟုတ်ပဲ အကျိုးတောင်ယုတ်စေမယ်လို့သဘောထားကြပါတယ်။ ဒီအထဲမှာ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ လှုပ်ရှားနေကြသူတွေ ပါဝင်ကြပြီး သူတို့ဟာ ရှေ့မှာလဲ ပုံစံမျိုးစုံနဲ့ပဲ ဆက်လှုပ်ရှားကြမယ့် သဘောရှိပါတယ်။

ရွေးကောက်ပွဲလွန်နိုင်ငံရေးမှာ ဘယ်ကိစ္စတွေဟာထိပ်တန်းကိုရောက်လာမလဲ၊ အဓိက ပြောဆိုကြမလဲ ဆိုတာကို ပြောရတာ နည်းနည်းစောသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဗမာပြည်မှာ အရေးတကြီး ကိုင်တွယ် ဖြေရှင်းရမယ့် နိုင်ငံရေး ပြဿနာတွေက များမှများမဟုတ်လား။ ဒါ့အပြင် စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်တွေမှာလဲ တခြားအရေးတကြီး ဖြေရှင်းရမယ့်ပြဿနာတွေ တောင်လိုပုံနေတာပါ။

ဒီရွေးကောက်ပွဲမှာ မြေကြီးလက်ခတ်မလွဲဆိုရမလောက် အနိုင်ရမယ့်ကြံ့ဖွတ်အဖွဲ့က လက်ရှိနအဖလုပ်ကိုင် နေတာတွေကို ဘာမှသဘောထားမပေးရုံမက ထူးထူးခြားခြားမျှော်လင့်စရာလဲ ဘာမှပြောမထားပါဘူး။ ရွေးကောက်ပွဲ ပြီးသွားလို့ သူတို့အာဏာရရင်တိုင်းပြည်မှာ ဘာအပြောင်းအလဲမှမရှိနိုင်ဘူးလို့ သူတို့ကပြောနေသလိုပါပဲ။ နိုင်ငံ့စီးပွားရေးကို စစ်အုပ်စုနဲ့သူတို့အပေါင်းပါတွေပဲ လက်ဝါးကြီးအုပ် ထင်တိုင်းလုပ်နေတဲ့ ပြဿနာ၊ နိုင်ငံရေး အကျဉ်းသမားတွေ ပြဿနာ၊ ပါတီအဖွဲ့အစည်းတွေ တရားဝင် ရပ်တည်ခွင့်ပြဿနာ၊ ဆုတ်ယုတ်ပျက်ပြားနေတဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ သူတို့ပါးစပ်ကလုံးဝမကြားရပါဘူး။

ပြည်တွင်းစစ်ကို တမင်မွေးထားပြီး ဒါကို လက်ညှိုးထိုးပြ၊ ဒါနဲ့လုပ်စား၊ ဒါနဲ့အာဏာထိန်းနေကြတာဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်လို့ရရက်နဲ့ မရပ်တာအပြင် တချို့ လက်နက်ကိုင် အဖွဲ့တွေကိုတော့ တိုက်ပစ်လိုက်ရင် ရနိုင်ရက်နဲ့တောင် မတိုက်ပဲ မွေးထားတာတွေ ရှိပါတယ်။
သူတို့ပါးစပ်ကထုတ်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ သူတို့ကိုင်တွယ်လိုသည်ဖြစ်စေ၊ မကိုင်တွယ် လိုသည်ဖြစ်စေ ရွေးကောက်ပွဲ ပြီးတာနဲ့ ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာတခု ရှိနေပါတယ်။ အဲဒါကတော့ အပစ်ရပ်အဖွဲ့ အစည်းတွေရဲ့ ပြဿနာ၊ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာ ဖြစ်ပါတယ်။

လတ်တလော ပြဿနာကတော့ အပစ်ရပ် အဖွဲ့တွေရဲ့ ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်းမှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်မယ့်လူတွေ ဘယ်လိုမှ ခေါင်းရှောင်လို့မရတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကိုဖြေရှင်းတာဟာ စစ်ပွဲတွေ ထပ်ဖန်တီးလိုက်တာဖြစ်နိုင်သလို အဲဒီအစိုးရသစ်ရဲ့ တကယ့်လက္ခဏာကို ဖွင့်ပြလိုက်တဲ့အချက်လဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအစိုးရဟာ နအဖရဲ့ပြည်သူလူထုကို လက်နက်နဲ့အကြမ်းဖက်တဲ့ပေါ်လစီကို ဆက်ဆုပ်ကိုင်ထားသလား၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အာဃာတ-ရန်ငြိုးထားမြဲထားရှိသလား၊ ကိုယ်နဲ့အမြင်မတူသူကို ကိုယ့်ရန်သူလို့ယူဆနေသေးသလား ဆိုတာတွေပေါ်လာမှာပါ။ ဗမာပြည်မှာ ၁၉၄၈ခုနှစ်ကစလို့တက်ခဲ့တဲ့အစိုးရတွေအားလုံးမှာ ပြည်တွင်းစစ်နဲ့ပတ်သက် လာရင်“လက်နက်ချမလား-အပြုတ်တိုက်ရမလား”ဆိုတဲ့သဘောထားပဲ တောက်လျှောက်ကိုင်စွဲခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဟာ နိုင်ငံရေးပြဿနာရဲ့အဆက်ဖြစ်တယ်၊ နိုင်ငံရေးနည်းအရဖြေရှင်းမှရမယ်ဆိုတာကို ဗိုလ်ချုပ်နေဝင်းလက်အောက်ရောက်ခဲ့ရတဲ့ စစ်တပ်ဟာဘယ်တုန်းကမှလက်မခံခဲ့ပါဘူး။ အတုအယောင်ငြိမ်းချမ်းရေးတွေခေါ်ခဲ့ပေမဲ့ ဒါတွေဟာ သူတို့အတွက်နိုင်ငံရေးအမြတ်ထုတ်တာချည့်ပဲဖြစ်ပါတယ်။

နောက်ထောက်ပြသင့်တာက အပစ်ရပ်အဖွဲ့တွေထဲက သူတို့တောင်းဆိုချက်ကို လက်မခံတဲ့အဖွဲ့တွေကို နဝတ-နအဖစစ်အစိုးရတွေ ချေမှုန်းခဲ့တဲ့သမိုင်းပါ။ အစောဆုံးက မုံဂူက လီနမင်တို့အဖွဲ့ပါ၊ အစည်းအဝေးခေါ်တယ်ဆိုပြီး ဝိုင်းပစ်သတ်လိုက်ကြပါတယ်။ ခေါင်းဆောင်တပြုံလုံး တနေရာထဲမှာ အသက်ပျောက်သွားရတဲ့အဖြစ်အပျက်ပါ။ အဲဒီ နောက်မောင်ဆာလအဖွဲ့၊ ဗမာပြည်ရဲ့အရှေ့ဘက်အစွန်ဆုံးက လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်မောင်ဆာလတယောက် ဗမာပြည်ရဲ့အနောက်ဘက် အစွန်ဆုံးက ဘူးသီးတောင်ထောင်ထဲမှာ သေဆုံးသွားရတယ်။ နောက်ကိုးကန့်အဖြစ်အပျက်။ ဘယ်တခုမှအေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်တယ်လို့မရှိခဲ့ဘူး။ အားလုံးသွေးထွက်သံယိုနဲ့ချည်းပဲမဟုတ်ပါလား။ အဖြစ်အပျက်တိုင်းမှာ စစ်အစိုးရဘက်က ကလိမ်ကကျစ်လုပ်တာ၊ ရက်ရက်စက်စက်သတ်ဖြတ်တာတွေကို အထင်အရှား တွေ့နေရပါတယ်။

ပြည်တွင်းစစ်ဟာ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဖြစ်နေတာ မဟုတ်ပေမဲ့လဲ ကိုယ့်တိုင်းပြည်ထဲမှာ ဖြစ်နေတာမို့ ကိုယ့်ကိုလဲ ထိခိုက်တယ်၊ ပြည်တွင်းစစ်-ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာဟာ ပါတီ အဖွဲ့အစည်းတခု၊ တိုင်းရင်းသား တခုရဲ့ ပြဿနာ မဟုတ်ပဲ တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်...
အခုအခါမှာ အပစ်ရပ်အဖွဲ့တွေထဲမှာ နအဖ တောင်းဆိုတဲ့ အတိုင်း မလိုက်လျောတဲ့ အဖွဲ့တွေ အထင်အရှား ကျန်နေသလို နအဖနဲ့ အပစ်အခတ် ရပ်စဲရေး သဘော မတူနိုင်သေးတဲ့ အဖွဲ့တွေလဲ ရှိနေပါတယ်။ နအဖဟာ ဒီအဖွဲ့တွေကို အထက်မှာပြောခဲ့တဲ့အဖွဲ့တွေကို ဖြေရှင်းသလို ဖြေရှင်းဖို့ ကြိုစားလို့ကတော့ စစ်ပြန်ဖြစ်မှာပါ။

နိုင်ငံတကာအလယ်မှာ ဗမာပြည် ဓားမနောက်ပိတ် ဖြစ်နေရတဲ့ အကြောင်းရင်း တခုဟာ ပြည်တွင်းစစ် ဖြစ်နေလို့ပါ။ ပြိမ်းအဖွဲ့တွေနဲ့ အပစ်ရပ်ထားတယ်ဆိုပေမယ့် စစ်တပ်တွေ၊ လက်နက်တပ်ဆင်မှုတွေက လျှော့လို့မရပဲ တိုးပြီးရင်းသာတိုးနေရပါတယ်။ စစ်လည်းမဟုတ် ငြိမ်းချမ်းရေးလည်းမဟုတ်တဲ့ အနေအထားမှာ ညူကလီယာလက်နက်တောင်ရှာဖွေတယ် ဆိုတဲ့အဆင့်ရောက်လာပါတယ်။

တကယ်ကျတော့ ဒီစစ်တပ်ဟာ ပြည်တွင်းစစ်ကိုတမင်မွေးထားပြီး ဒါကိုလက်ညှိုးထိုးပြ၊ ဒါနဲ့လုပ်စား၊ ဒါနဲ့အာဏာထိန်းနေကြတာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်လို့ရ ရက်နဲ့မရပ်တာအပြင် တချို့လက်နက်ကိုင်အဖွဲ့တွေကိုတော့ တိုက်ပစ်လိုက်ရင်ရနိုင်ရက်နဲ့တောင် မတိုက်ပဲမွေးထားတာတွေရှိပါတယ်။ စစ်အုပ်စုထိပ်သီးတွေဟာ ဒီလိုစစ်ပွဲတွေထဲမှာ ပြည်သူတွေကို သတ်ဖြတ်နေရုံမက မသိနားမလည်တဲ့စစ်သားလေးတွေကိုလည်း စတေးနေပါတယ်။

`ပြောရရင် တိုင်းပြည်တပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာဟာ ဒီမိုကရေစီ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးတို့နဲ့ တိုက်ရိုက်ဆက်စပ်နေပြီး လွတ်လပ်ရေးဒီဘက်မှာ တခါမှမခံစားရသေးတဲ့၊ နိုင်ငံသားတိုင်းအင်မတန်တောင့်တောင့်တတ ရှိတဲ့အရေးကိစ္စကြီးဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဟာ ခေါင်းနဲ့ပန်းလိုဆက်စပ်နေပါတယ်။ နိုင်ငံတခုမှာ ငြိမ်းချမ်း ရေးမရှိရင် ဒီမိုကရေစီ အပြည့်အဝရှိတယ်လို့ မဆိုနိုင်သလို ဒီမိုကရေစီအခွင့်အရေးတွေ၊ လူမျိုးစုအခွင့်အရေးတွေကို ချိုးနှိမ်လွန်းရင်လဲ ပြည်တွင်းစစ် ဖြစ်တတ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်တယ်ဆိုတာဟာ အမျိုးသားစည်းလုံးညီညွတ်ရေး ပျက်ပြားမှု အဆိုးဝါးဆုံးအဆင့်ကို ဖော်ပြနေတာပါ။

ဒါတွေကြောင့် ဒီတခါရွေးကောက်ပွဲပြီးသွားရင် နိုင်ငံရေးအင်အားစုတွေဟာ တခြားကြွေးကြော်သံတွေအပြင်  ငြိမ်းချမ်းရေးကြွေးကြော်သံကိုလဲ မြှင့်တင်ရမယ့်အခြေအနေဖြစ်ပါတယ်။ ပြည်တွင်းစစ်ဟာ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဖြစ်နေတာမဟုတ်ပေမဲ့လဲ ကိုယ့်တိုင်းပြည်ထဲမှာဖြစ်နေတာမို့ ကိုယ့်ကိုလဲ ထိခိုက်တယ်ဆိုတဲ့ အသိကိုဖြန့်ဖြူးရပါမယ်။ ပြည်တွင်းစစ်-ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာဟာ ပါတီအဖွဲ့အစည်းတခု၊ တိုင်းရင်းသားတခုရဲ့ပြဿနာမဟုတ်ပဲ တမျိုးသားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့အသိကို ဖြန့်ဖြူးကြရပါမယ်။ နောက်တက်တဲ့အစိုးရဟာ နအဖတဖြစ်လဲအစိုးရ ဟုတ်မဟုတ်ဆိုတာကို ဒီအချက်ကလဲ အချက်တခုအဖြစ်ဖော်ပြမှာ သေချာပါတယ်။

ရဲဘော်ဖိုးသံချောင်း

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga