Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Sunday, November 7, 2010

တိုင်းရင်းသား မဟာမိတ်အဖွဲ့ `ပြည်ထောင်စုတပ်မတော်´ ဖွဲ့စည်းရေး ရှေးရှု့ 

 By Sai Wan Mai

ရွေးကောက်ပွဲအပြီးလာမည့် စစ်အစိုးရထိုးစစ်ကို ရင်ဆိုင်ရန် ယခုအပတ်အတွင်း မဟာမိတ်ဖွဲ့လိုက်သည့် လက်နက်ကိုင် တိုင်းရင်းသား ၆ဖွဲ့က`ပြည်ထောင်စု တပ်မတော်´ ဖွဲ့စည်းရေး ဦးစားပေးသည်ဟု လွတ်လပ်သော အာရှအသံနှင့် သတင်းရပ်ကွက်များက ဆိုသည်။

ဤအဓိကရည်မှန်းချက်ကို အစည်းအဝေးများအပြီး မနေ့က ထိုင်းမြောက်ပိုင်း ချင်းမိုင်တွင် ချမှတ်လိုက်ကြသည်။ ပူးတွဲတပ်ဖွဲ့၏ စစ်ရေးနိုင်ငံရေး မဟာဗျူဟာများ ချမှတ်နိုင်ရေး အလုပ်အဖွဲ့တခု ဖွဲ့စည်းရန်လည်း မဟာမိတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။



မဟာမိတ်အဖွဲ့တွင် အပစ်ရပ်အဖွဲ့များဖြစ်ကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)  (SSA-N)၊ နှင့် အပစ်ရပ်အဖွဲ့မဟုတ်သော ကရင်အမျိုးသားအစည်းအရုံး    (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ပါဝင်သည်။

ဤအဖွဲ့က ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ်အင်ဘန်လ ကို ဥက္ကဋ္ဌ တာဝန်ပေးလိုက်ပြီး ကေအန်ယူ ဗိုလ်ချုပ် မူတူးဆေးပိုး က ဒုဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာ က အထွေထွေအတွင်းရေးမှူး၊ ကေအန်ပီပီမှ ရွှေမျိုးသန့်က တွဲဘက်အတွင်းရေးမှူး တာဝန်ယူမည်ဖြစ်သည်။ ဗိုလ်ချုပ်အင်ဘန်လ သည် ကေအိုင်အေ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ကေအိုင်အို  ဒုတိယအကြီးအကဲလည်း ဖြစ်သည်။

နှစ် ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် တနင်္ဂနွေ ရွေးကောက်ပွဲအပြီး သူတို့ထဲက တဖွဲ့ဖွဲ့ကို မြန်မာစစ်တပ်က စတိုက်လိမ့်မည်ဟု မဟာမိတ်အဖွဲ့က မျှော်လင့်ထားသည်။

ကေအိုင်အို၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အမှတ် ၁ တပ်မဟာ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့က စစ်အစိုးရ ကမ်းလှမ်းချက်ဖြစ်သော စစ်တပ် ကွပ်ကဲမှုအောက်တွင်ထားမည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို ငြင်းပယ် လိုက်အပြီးတွင် စစ်အစိုးရနှင့် ၎င်းတို့ကြား တင်းမာမှု တိုးပွားလာသည်။

စက်တင်ဘာလက မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မဟာ ၁ ကို ၃ ကြိမ်တိုက်ခဲ့သည်။ တချိန်တည်းတွင် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာကလည်း ကေအိုင်အိုကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရအပြီး ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် `သောင်းကျန်းသူ´ ဟု သုံးနှုန်း ရေးသားခဲ့သည်။

ထိုအတောအတွင်း (အပစ်ရပ်အဖွဲ့ မဟုတ်သော) ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့်လည်း မြန်မာစစ်တပ် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အောက်တိုဘာ လလယ်အတွင်းက တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာစစ်သား ၁၁ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည်နယ် အတွင်းက သတင်းများ ထွက်လာသည်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ရန်သူ့ထံမှ လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ သည်။

ထိုတိုက်ပွဲများအတွင်း ရှမ်းတပ်ဘက်မှလည်း အချို့ဒဏ်ရာရခဲ့သည် ဟု ရှမ်းသံတော်ဆင့်သတင်းက ရေးသား ဖော်ပြသည်။

`ကျနော်တို့တပ်သားတွေက မြန်မာစစ်သားတွေ ရွာသားတွေကို အနိုင်ကျင့်တာကို မကြည့်နိုင်တော့လို့ သေချာရွေးတိုက်ခဲ့တာပါ။ မြန်မာစစ်သားတွေရဲ့ လုပ်ရပ်တွေအပေါ် ကျနော်တို့တပ်သားတွေက လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ သာဖြစ်ပါတယ်´ ဟု ရှမ်းပြည်တပ်မတော် တောင်ပိုင်း၏ ပြောရေးဆိုခွင့်ရှိသူ စဝ်လော်ဆိုင်းက ပြောသည်။

မကြာသေးမီက မြန်မာတပ်ဖွဲ့များက ရွာသားများကို အနိုင်အထက် ပြုကျင့်ခဲ့ကြပြီး ထိုအကြောင်းကို ဒေသတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့များထံ တိုင်ကြားခဲ့ကြသည် ဟု သူက ပြောသည်။ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၁ဝ သည် မိုင်းကိုင်မြို့နယ် မိုင်းယောင်းဒေသသို့ ဝင်လာတိုင်း ရွာသားများကို ရိုက်နှက်ညှဉ်းပန်းပြီး ပစ္စည်းများလည်း ယူသွားသည်ဟု သူက ပြောသည်။

`ကျနော်တို့လူထုကို အကာအကွယ်ပေးဘို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့လူထုကို နှိပ်စက်စော်ကားတဲ့ မြန်မာတပ်တွေကို လက်တုံ့ပြန် တိုက်ခိုက်သွားမှာဘဲ´ ဟု ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့သည်။

မြန်မာစစ်တပ်ကို တောက်လျှောက် ခုခံတိုက်ခိုက်နေသည့် တခုတည်းသော ရှမ်းလက်နက်ကိုင်အဖွဲ့မှာ စဝ်ရွက်ဆစ် ခေါင်းဆောင်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းဖြစ်သည်။ ခွန်ဆာ ဦးဆောင်သည့် မုန်တိုင်းတပ်မတော် ၁၉၉၅ ခုနှစ်တွင် လက်နက်ချပြီးနောက် ဤအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဌာနချုပ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် လွယ်တိုင်းလုံတွင်ရှိပြီး ထိုင်းမြန်မာနယ်စပ်တလျှောက် အင်အား တောင့်တင်းသည့် အခြေခံစခန်းများရှိသည်။ ဤအဖွဲ့သည် အပစ်အခတ် ရပ်စဲမထားသော အဖွဲ့များအနက် အင်အားအကြီးဆုံး ဟု ယုံကြည်ရသည်။

ယခုကော်မတီသည် ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် ဝပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်တို့သို့လည်း သွားရောက်ချဉ်းကပ်ဆွေးနွေးခဲ့သည်ဟု ဝါရင့် မြန်မာ့အရေးလေ့လာသူတဦးက မဇ္ဈိမ ကိုပြောသည်။ ယင်းနှစ်ဖွဲ့က အင်အားတောင့်တင်းသော အဖွဲ့များဖြစ်နေခြင်းကြောင့်ပင်။ ရှမ်းတပ်မတော် တောင်ပိုင်းက အဆိုပြုချက်ကို လက်ခံ စဉ်းစားနေသည်။

`ဒါပေမဲ့ ရှမ်းတပ်မတော် တောင်ပိုင်းက တကယ်အလုပ်လုပ်မဲ့ အဖွဲ့ဘဲ ဖြစ်စေချင်တယ်။ နိုင်ငံရေးအရ စကားများရန်ဖြစ်နေမယ့် အဖွဲ့မျိုးမဖြစ်စေချင်ဘူး´ ဟု သူကပြောသည်။ `ရှမ်းတောင်ပိုင်းတပ်နဲ့ ဝ မပါရင်တော့ ကေအိုင်အို က အင်အားအတောင့်ဆုံးအဖွဲ့ပါ´ ဟု လည်း သူကဆက်ပြောသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအတွင်း ဝ' တပ်မတော်သည် အပြောင်မြောက်ဆုံးအဖွဲ့ဟု မြန်မာ့အရေးလေ့လာသူက ယုံကြည်သည်။ `နိုင်ငံရေးဆို သူတို့က စိတ်မဝင်စားသလို နားမလည်သလိုနေမယ်။ ဒါပေမဲ့ သူတို့ နယ်မြေ မဆုံးရှုံးသေးဘူး။ သူတို့နယ်မြေနဲ့ သူတို့စစ်တပ်ကိုတောင် တိုးချဲ့လာနိုင်သေးတယ်´ ဟု သူက ပြောသည်။

အန်ဒီအေအေနှင့် မိုင်းလားအဖွဲ့များကိုမူ သူက မှုလောက်စရာမရှိသည့် `ကစားစရာအရုပ်ကလေးများ´ ဟု နှိမ့်ချပြောဆိုသည်။

`ဒီနှစ်ဖွဲ့က ဝတပ်ဖွဲ့ရဲ့ရုပ်သေးလေးတွေပါ။ အန်ဒီအေအေ ဒေသထဲမှာ ဝ တပ်တွေ အများကြီးရှိတယ်။ ဒီတော့ ဝတပ်ဖွဲ့ရဲ့ ရှေ့တန်းစခန်းဆိုတာ ပန်ဆန်း မဟုတ်ဘူး၊ အန်ဒီအေအေ နယ်မြေထဲမှာ´ ဟု သူကပြောသည်။

အချို့က သူတို့ကို ဘိန်းဘုရင်များအဖြစ် တံဆိပ်တပ် စွပ်စွဲကြမည်ဖြစ်သော်လည်း အင်အားကြီး အဖွဲ့များဖြစ်သည်ဟု သူက ပြောသည်။ သူတို့ဒေသအတွင်း ကုလသမဂ္ဂကလည်း စီမံကိန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါ လေ့လာသူက ဆက်လက်ပြော ဆိုသည်။

`မဟာမိတ်ဆိုတာနဲ့ ပတ်သက်လို့ ရီစရာကောင်းတာက ပြည်ပရောက်တွေနဲ့ လက်နက်ကိုင် အတိုက်အခံ အဖွဲ့တွေထဲမှာ မဟာမိတ်အဖွဲ့တွေ အများကြီးဘဲ။ ဒါပေမဲ့ ထူးထူးခြားခြား လုပ်တာရယ်လို့ မရှိဘူး´ ဟု သူကပြောသည်။

တိုက်ပွဲဖြစ်စဉ်အကျဉ်း

အောက်တိုဘာ ၁၉ - ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တဖွဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းခတ်ကျေးရွာအုပ်စု ဝမ်မော်ရွာအနီးတွင် ခမရ ၅၁၉ နှင့် ၂၇၇ တို့ကို ခြုံခိုတိုက်ခိုက်သည်။ တိုက်ပွဲ ၁၇ မိနစ်ကြာမြင့်ပြီး မြန်မာစစ်တပ်ဘက်မှ ၂ ယောက်သေ၊ ၁ဝ ဦးဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည် တပ်မတော်တောင်ပိုင်း ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

အောက်တိုဘာ ၃၁ - မိုင်းကောင်မြို့နယ် မိုင်းယောင်းကျေးရွာအုပ်စု တောင်ဘက် (၅ ကီလိုမီတာ သို့မဟုတ် ၃ မိုင်အကွာ) တွင် ခမရ ၅၁ဝ တပ်ဖွဲ့ တခုကို ရှမ်းပြည်တပ်တော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ သည်။ မြန်မာစစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၇ ဦးပြင်းထန်စွာ ဒဏ်ရာရသွား သည်။ တိုက်ပွဲ တနာရီခွဲကြာမြင့်ပြီး ရန်သူ့ထံမှ လက်နက်များကို ရှမ်း ပြည်တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။

နိုဝင်ဘာ ၁ ရက် (နောက်တရက်) - စစ်ကူလာသော ရန်သူ့တပ် ခမရ ၂၉၂ ကို မိုင်းကောင်မြို့နယ် နောင်ဝိုးနှင့် မိုင်းယောင်းကြားတနေရာတွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်သည်။ တိုက်ပွဲ ၂၈ မိနစ်ကြာမြင့်ပြီး မြန်မာစစ်သားတဦး ဒဏ်ရာရရှိသွားသည် ဟု အက်စ်အက်စ်အေ တောင်ပိုင်း ဝက်ဆိုက်တွင် သတင်းတင်ထားသည်။

နိုဝင်ဘာ ၂ ရက် - ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မိုက်ဟိုင် ကျေးရွာအုပ်စု နောင်ခမ်းရွာအနီးတွင် ခမရ ၅၁၈ နှင့် ရှမ်းပြည် တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်သည်။ မြန်မာစစ်တပ်မှ ၂ ယောက်ကျဆုံး၍ တယောက်ဒဏ်ရာရသည်။

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga