၂ဝ၁ဝ ရွေးကောက်ပွဲအပြီး လက်နက်ကိုင် တိုင်းရင်းသားများကို စစ်အစိုးရ ထိုးစစ်ဆင်ဖွယ်ရှိသည်ဟု ယခုအပတ်ထုတ် ရိုက်တာသတင်းများနှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများ၏ ပြောဆိုချက်များအရ သိရသည်။
ထို့ပြင် ထိုကဲ့သို့ ဖြစ်လာနိုင်သည်ကို ကြိုတင်တွက်ဆထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ကလည်း စစ်ပွဲအပေါ် လက်ဦးမှု ယူရေးအတွက် နအဖ စစ်တပ်ကို ခုခံတိုက်ခိုက်နိုင်ရန် ထိုင်းနိုင်ငံနယ်စပ် မဲဟောင်ဆောင်မြို့၌ မဟာမိတ် အဖွဲ့တရပ် ဖွဲ့စည်းလိုက်သည်ဟု မဇ္ဈိမ သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။
ထိုမဟာမိတ် ၆ ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊
နေ့စွဲဖော်ပြမထားသည့် ပြီးခဲ့သည့်နှစ်တွင် ရိုက်ယူထားသည့် ဤပုံတွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့ဝင်များ စစ်ရေးပြကွင်း၌ တန်းစီနေကြပုံ။ ဤအဖွဲ့သည် မကြာသေးမီက ဖွဲ့စည်းလိုက်သော တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ မဟာမိတ်အဖွဲ့တွင် မပါဝင်သေးသော်လည်း ထိုသို့ပါဝင်ရန် စဉ်းစားသွားမည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့က ပြောကြားသွားသည်။ (ဓာတ်ပုံ - စိုင်းဝမ်ဆိုင်း)
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က အဆိုပါ မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် ငြင်းဆန်ခဲ့ပြီး ထိုအဖွဲ့တွင် လုံးဝ မပါဝင်တော့ဟု ဆိုလိုခြင်း မဟုတ်ကြောင်း အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောင်ဆိုင်းက ယမန်နေ့က ပြောသည်။
’’ဒီအဖွဲ့တွေအားလုံးနဲ့ ဆွေးနွေးခဲ့ပြီးနောက် မဟာမိတ်အဖွဲ့မှာ အဖွဲ့ဝင်တဦးအနေနဲ့ ပါဝင်ဖို့ သဘောတူညီချက်တရပ် ရခဲ့ပါတယ်။ ဒီမဟာမိတ်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ဖို့ စဉ်းစားသွားမှာ ဖြစ်ပါတယ်’’ ဟု စိုင်းလောင်ဆိုင်းက ပြောသည်။
စစ်အစိုးရကို ယခုထိ ဆန့်ကျင်တော်လှန်နေသည်ကပင် အခြားတိုင်းရင်းသားအဖွဲ့များက စစ်အစိုးရအား တိုက်ခိုက်ရေးတွင် သွယ်ဝိုက်ကူညီနေခဲ့ခြင်းပင် ဖြစ်သည်ဟုလည်း သူက ဆက်ပြောသည်။
တိုင်းရင်းသားတပ်ဖွဲ့များကို စစ်အစိုးရက ထိုးစစ်ဆင်လာလျှင် နယ်စပ်တွင် နောက်ထပ် မတည်ငြိမ်မှုများ ထပ်မံ ဖြစ်ပွားလာမည်ဖြစ်ပြီး စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ တိုင်းပြည်တွင်းမှ ထွက်ပြေးလာနိုင်သည်။
တိုင်းရင်းသားတပ်ဖွဲ့များကို တဖွဲ့ပြီးတဖွဲ့ မတိုက်ခင် နအဖ စစ်တပ်သည် ရွေးကောက်ပွဲအပြီး အစိုးရသစ်တရပ် ဖွဲ့စည်းပြီးသည်အထိ စောင့်ဆိုင်းနေလိမ့်ဦးမည်ဟု ပြည်ပတွင် နေထိုင်သော မြန်မာပညာရှင်နှင့် မြန်မာ့စစ်ရေးကျွမ်းကျင်သူ ဦးဝင်းမင်းက ရိုက်တာသတင်းဌာနကို ပြောသည်။ တရုတ်ပြည်ပေါ် ကျရောက်မည့် အကျိုးသက်ရောက်မှုကို အကန့်အသတ်ဖြင့်သာ ရှိနေရန်အတွက် သူတို့အနေဖြင့် တိုင်းရင်းသားတပ်ဖွဲ့များကို ဤပုံစံအတိုင်းသာ တိုက်လိမ့်မည်ဟု ယူဆရသည်။ မြန်မာ-တရုတ် ဆက်ဆံရေးမှာ စွမ်းအင်တင်ပို့ခြင်းနှင့် လက်နက်ဝယ်ယူတင်သွင်းခြင်းအပေါ် အဓိက အခြေခံသည်။
စစ်အစိုးရတပ်က ရှမ်းပြည်နယ်ရှိ ကိုးကန့်သူပုန်များကို ပြီးခဲ့သည့်နှစ် သြဂုတ်လက တိုက်ခိုက်ခဲ့ရာ စစ်ပြေးဒုက္ခသည် ၃၇ဝဝဝ ခန့် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲသို့ ပြေးဝင်ခိုလှုံခဲ့သည်။ အမေရိကန်ဒေါ်လာ ၃.၅ ဘီလျံတန် ရေနံပိုက်လိုင်းကို ဘင်္ဂလားပင်လယ်အော်မှ တရုတ်အနောက်တောင်ဘက် ယူနန်ပြည်နယ်အထိ သွယ်တန်းဖောက်လုပ်ရန် ရှိနေသည့်အတွက် ပဋိပက္ခများ ရှောင်ရှားပါရန် တရုတ်နိုင်ငံက စစ်အစိုးရကို ခြိမ်းခြောက်အကျပ်ကိုင်နေသည်ဟု ယူဆရကြောင်း ရိုက်တာသတင်းတွင် ရေးထားသည်။
KIO နှင့် မွန်ပြည်သစ်ပါတီကဲ့သို့ တသီးတခြားဖြစ်နေပြီး ဝေးလံခေါင်သီသည့် နေရာတွင် ရှိနေသည့် တိုင်းရင်းသား တပ်ဖွဲ့များသည် စစ်တပ်၏ အတိုက်အခိုက်ခံရမည့် အန္တရာယ် အများဆုံးပင်ဖြစ်သည်ဟု သူထင်မြင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးစပ်သည့် အမည်မဖော်လိုသူ တဦးက မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသားတပ်များသည် ယခင်ကလည်း စစ်တပ်ကို ထိုသို့ ဟန်ချက်ညီညီ တိုက်ခဲ့ဖူးသော်လည်း ရွေးကောက်ပွဲများ အပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု သူက ဆိုသည်။
KIO ၏ လက်နက်ကိုင်တပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် အပျော်တမ်းတပ်ဖွဲ့ဝင်များကို ၈ ပတ်ကြာ သင်တန်း စပေးနေပြီဟု အေးရှားတိုင်း သတင်းစာတွင် ယမန်နေ့က ရေးသားသည်။ အဆိုပါ အွန်လိုင်းသတင်းဂျာနယ်သို့ အမျိုးသမီး အပျော်တမ်းတပ်ဖွဲ့ဝင် တဦးက မကြာသေးမီက ပြောကြားခဲ့ရာတွင် ’’ကျမကို KIA က ဆင့်ခေါ်တယ်။ ရွာက ထွက်လာပြီး သင်တန်းလာတက်ရမယ်တဲ့’’။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ပဋိပက္ခများအတွက် သူတို့အဖွဲ့အနေဖြင့် ပြင်ဆင်မှုများ လုပ်နေကြောင်း KIA ဗိုလ်ချုပ်တဦးကလည်း အတည်ပြုပြောဆိုသည်။ ’’ကျနော်တို့ ရှင်သန်နိုင်ပါတယ်။ အဖြစ်နိုင်ဆုံး နည်းပရိယာယ်ကတော့ ပြောက်ကျား ပြန်တိုက်တာပေါ့’’ ဟု သူက ပြောသည်။
နေ့စွဲဖော်ပြမထားသည့် ဤပုံတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ကရင်နီတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေကြပုံ။ မြန်မာစစ်တပ်က ပြုလုပ်လာမည့် ထိုးစစ်ကို ရင်ဆိုင်ရန်အတွက် ဤအဖွဲ့သည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၆ ဖွဲ့ ပါဝင်သည့် သမိုင်းဝင် မဟာမိတ် အဖွဲ့တွင် ပူးပေါင်းပါဝင်ခဲ့သည်။ (ဓာတ်ပုံ - ကန္တရာဝတီတိုင်း)
သူက ’’ရွေးကောက်ပွဲပြီးပြီးချင်း သူတို့ (စစ်အစိုးရ) က ချက်ချင်းကြီး ကျူးကျော်တိုက်ခိုက်မယ့် အစီအစဉ် ရှိတယ်လို့တော့ ကျနော် မထင်ပါဘူး။ သူတို့ဘက်က ပြင်ဆင်မှုတွေ အများကြီး လုပ်ဖို့ လိုဦးမယ်။ သူတို့ဘာလုပ်မှာလဲဆိုတာ မူတည်ပြီးတော့ ရှေ့မှာလည်း ပြဿနာတွေ အများကြီး သူတို့ ရင်ဆိုင်ရဦးမယ်’’ ဟု ပြောသည်။
’’တကယ်လို့ တပြိုင်ထဲတိုက်လာမယ်ဆိုရင် သူတို့ဘက်က သေချာပြင်ဆင်မထားဘူးဆိုရင် သူတို့လည်း ကောင်းကောင်း ဒုက္ခတွေ့မှာပဲ။ တကယ်လို့ ကောင်းကောင်း သေချာပြင်ဆင်တယ်ဆိုရင်လည်း ဒါ တလ နှစ်လနဲ့ ပြီးတာ မဟုတ်ဘူး။ အတော်ကြာကြာ အချိန်ယူ လုပ်ရမှာ’’ ဟု သူက ပြောသည်။
အငြင်းပွားဖွယ် ၂ဝဝ၈ ဖွဲ့စည်းပုံက ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်ဘက်ကိုယ်စားလှယ်များ အများစုရအောင် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။ ပါလီမန်လွှတ်တော် ကိုယ်စားလှယ်နေရာ၏ ၂၅ % မှာ ရွေးကောက်ပွဲဝင်ရန် မလိုဘဲ စစ်တပ်မှ ရရှိမည်ဖြစ်ပြီး ကျန်နေရာများကို နိုင်ငံတော်က ကျောထောက်နောက်ခံ ပြုထားသော ပါတီအမတ်လောင်းများက အများစု အနိုင်ရရန် များသည်။
ထိုပါတီများမှာ မကြာသေးမီကမှ စစ်ယူနီဖောင်းများချွတ်ပြီး အရပ်သားဘဝသို့ ပြောင်းလာသည့် ဗိုလ်ချုပ်ကြီးများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ဖြစ်ကြသည်။
တစည ကို စစ်အစိုးရက ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလ အဖွဲ့ဝင်ဟောင်းများနှင့် ဖွဲ့စည်းထားပြီး ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့ပြီး အပြတ်အသတ်ရှုံးနိမ့်ကာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာ ၈ဝ % ကျော် အပြတ်အသတ် အနိုင်ရခဲ့သည်။
သူတို့နေထိုင်ရာ သက်ဆိုင်ရာဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရှိရာ ဒေသများတွင် ရွေးကောက်ပွဲအပြီး၌ စစ်တပ်ကို အတည်တကျ ပြောင်းလဲဖွဲ့စည်းမှုများ ပြုလုပ်သော်လည်း ငြိမ်းချမ်းသော ကာလများ ပေါ်ပေါက်လာနိုင်ဖွယ်မရှိဟု အကဲခတ် အများအပြားက ပြောသည်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga