By ရန်ပိုင်
ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေတွင် လွတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှ အဖွဲ့ဝင်များက ပြောသည်။
ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ရောက်ရှိနေသော တောင်ငူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က “ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်လည်း လက်မှတ်ထိုးပြီးပြီ။ ညနေ ၄ နာရီလောက်တော့ ထွက်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့တွင် လူအများစောင့်ဆိုင်းနေကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ လုပ်ဖွယ် ရှိကြောင်းလည်း သိရသည်။
NLD အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် “We Stand With Aung San Suu Kyi” ဆိုသည့် စာတန်းပါတီရှပ်များကို ၀တ်ဆင်၍ ရုံးချုပ်ရှေ့တွင် ကြိုဆိုရန် စောင့်စားနေကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ယနေ့လက်မှတ်ထိုးသည်ဟု ရန်ကုန်မြို့မှ လာသော သတင်းများက ဆိုသည်။
မွန်းလွဲ ၁၂ နာရီတွင် လွှတ်မိန့်စာကို ၎င်း၏နေအိမ်သို့ တာဝန်ရှိသူများက သွားရောက်ဖတ်ပြခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း ရန်ကုန်မြို့ခံ သတင်းသမားတဦးကပြောသည်။
ယနေ့တွင် NLD လူငယ်များက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် သွေးလှူဒါန်းကြကြောင်း သိရသည်။
NLD ရုံးချုပ်တွင် လူ ၅၀၀ ခန့် စုရုံးရောက်ရှိနေပြီး ရုံးချုပ်အနီးတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga