ချင်းမိုင် (မဇ္ဈိမ)
မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာစစ်အစိုးရအကြား ၁၆ နှစ်ကျော် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ယခုအခါ စစ်သည် လက်နက်ကိုင်အင်အား ၁၀,၀၀၀ ခန့်ရှိသည်ဆိုသော ကချင်တပ်မတော်အနေဖြင့် စစ်ပွဲအတွက် ပြန်ပြင်ဆင်နေရပြီဟု ဆိုသည်။
ကချင်အဖွဲ့၏ မြို့တော် လိုင်ဇာမြို့ပြင်အနီးတွင်ပင် မဇ္ဈိမသတင်းဌာနက လက်နက်ငယ် သင်တန်း ဆင်းခါစ အသစ် စုဆောင်းထားသည့် တပ်သားများကို မြင်တွေ့ရသည်။ အသက် ၂၅ နှစ်ရှိ သူနာပြု ကျောင်းသူတဦးကိုလည်း စစ်ယူနီဖောင်း အပြည့်အစုံနှင့် တွေ့ရပြီး ကချင်တပ်မတော် (KIA) စက်ပစ်ကွင်းတွင် အခြားအမျိုးသမီး စစ်သည်များနှင့်အတူ လေ့ကျင့်နေသည်။ လက်က မောင်းပြန်သေနတ် ကိုင်ရင်း သူက အခုစစ်သားသစ် စုဆောင်းသည့်အထဲ ပါလာရခြင်း အကြောင်းကို ပြောသည်။ "ကျမတို့ အမျိုးသမီး စစ်သည်တွေလဲ အမျိုးသားတွေနဲ့ လက်တွဲတိုက်ပွဲဝင်ရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးရဖို့ဆိုတာ အမျိုးသားတွေနဲ့ချည်း မဖြစ်နိုင်ဘူး" ဟု ဆိုသည်။
မြန်မာစစ်အစိုးရနှင့် KIO အဖွဲ့အကြား ပြီးခဲ့သည့် အောက်တိုဘာလလယ်မှစ၍ ဆက်ဆံရေး ပျက်ယွင်းပြီး ပိုတင်းမာလာခဲ့သည်။ မြန်မာစစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာက သူတို့အဖွဲ့ကို "သောင်းကျန်းသူ" ဟူ၍ပင် ပြန်သုံးစွဲခဲ့သည်။ ပုံမှန်ဆိုလျှင် မြန်မာစစ်အစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးဘဲ တိုက်ခိုက်နေရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကဲ့သို့ အဖွဲ့များကိုသာ သောင်းကျန်းသူဟု ခေါ်ဝေါ်နေခဲ့သည်။ ၁၉၉၄ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူပြီးချိန်မှစ၍ ယခုတကြိမ် ပထမဆုံး KIO အပေါ် သောင်းကျန်းသူဟု ပြန်လည်သုံးစွဲလာခဲ့ခြင်း ဖြစ်သည်။
KIO အဖွဲ့ကို သောင်းကျန်းသူဟု ပြန်လည် ခေါ်ဝေါ်လာပြီးသည့်နောက်တွင် ဗိုလ်ချုပ်ကြီးသန်းရွှေ မြန်မာ စစ်အစိုးရက KIO ထိန်းချုပ်ထားသည့် အကောက်ဂိတ်များကို ဖြတ်၍ လူနှင့် ကုန်ပစ္စည်းများ ဖြတ်သန်း သွားလာခွင့်ကို ပို၍ တင်းကျပ်လာခဲ့သည်။ ဤအကောက်ဂိတ်များမှနေ၍ KIO က ဝင်ငွေ မြိုးမြိုးမြက်မြက် ရနေခဲ့ပြီး ပြီးခဲ့သည့် ၁၆ နှစ်တွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် လမ်းကြောင်းတခုလည်း ဖြစ်ခဲ့သည်။
စစ်အစိုးရက ကချင်ပြည်နယ်တဝှမ်းနှင့် အိမ်နီးချင်း ရှမ်းပြည်နယ်တွင်းရှိ KIO ဆက်ဆံရေးရုံး အများစုကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သေးသည်။ ဤရုံးများရှိရာ အချို့ဒေသများကို စစ်အစိုးရ ထိန်းချုပ်ထားသော်လည်း KIO အဖွဲ့ကလည်း တစိတ်တပိုင်း အာဏာတည်သည့် ဒေသများလည်း ဖြစ်သည်။ ၎င်းဆက်ဆံရေးရုံးများကို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် စတင်တည်ထောင်ခဲ့ကြပြီး အပစ်ရပ် သဘောတူညီချက်ကို ချောမွေ့စွာ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်ခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
တချိန်က KIO အဖွဲ့ရော၊ မြန်မာစစ်အစိုးရပါ အကျိုးအမြတ်ရှိခဲ့ကြသည့် စီးပွားရေးလုပ်ငန်းများမှာလည်း အခုတော့ နိဂုံးချုပ်ရတော့မည့်ကိန်း ဆိုက်နေပြီ ဖြစ်သည်။ လေ့လာသူအများစုက ယူဆရာတွင် ယခုပြဿနာသည် ရေတိုမဟုတ်၊ မြန်မာ့စစ်အစိုးရ လက်နက်ကိုင် တပ်မတော်နှင့် KIO အဖွဲ့ကြား သေနတ်ပြန်ပေါက်၊ စစ်ပြန်ဖြစ်ရတော့မည့် အရေး နေ့လား ညလား ဖြစ်နေပြီဟု ဆိုကြသည်။
မဇ္ဈိမသတင်းဌာနက KIO ဌာနချုပ် လိုင်ဇာတွင် အဖွဲ့ အဆင့်မြင့်ခေါင်းဆောင်များကို တွေ့ဆုံ မေးမြန်းသည့်အခါ သူတို့က ဆက်ဆံရေး ပျက်ပြားရခြင်းအတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်များအပေါ် အပြစ်ဖို့သည်။ နေပြည်တော်ရှိ စစ်အစိုးရက KIO လက်နက်ကိုင် အင်အားစု ကချင်တပ်မတော်ကို မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်၌ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုနေခဲ့သည်ဟု ဆိုသည်။
KIO ထိန်းချုပ်ထားသည့် ဒေသများ၏ အုပ်ချုပ်ရေးမှူး လာနာ့ ဂမ်ဖန် (Lana Gumhpan) က မဇ္ဈိမသတင်းဌာနကို ပြောဆိုရာတွင် ကချင် လက်နက်ကိုင်တပ်ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ " ကျနော်တို့ KIO က ဒီကိစ္စကို အလေးအနက် စဉ်းစားပါတယ်။ လူထုကို သေချာတိုင်ပင် အကြံရယူပြီးတော့ ဗဟိုကော်မတီအထဲမှာလဲ အကျေအလည် စဉ်းစားကြပါတယ်။ နောက်ဆုံး ကျနော်တို့ လက်နက်ကိုင် တပ်တွေကို အသွင်ပြောင်းရုံ သက်သက်နဲ့တော့ ရေရှည် ငြိမ်းချမ်းရေးမရနိုင်ဘူး ဆိုတာ သဘောတူကြတယ်" ဟု ပြောသည်။
တရုတ်နိုင်ငံ နယ်စပ်နှင့် ကပ်နေသည့် 'လိုင်ဇာ' မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရစဉ်က ရွာငယ်ဇနပုဒ်မျှသာ ဖြစ်သည်။ ယခုတော့ လူဦးရေ ၂၀,၀၀၀ ကျော်နေထိုင်သည့် စည်ကား လှုပ်ရှားနေသော မြို့ပြ ဖြစ်နေချေပြီ။ ရုတ်တရက် ကြည့်မည်ဆိုလျှင် KIO ထိန်းချုပ်ဒေသ မြို့တော် လိုင်ဇာမှာ အခြားမြန်မာနိုင်ငံ နယ်စပ်မြို့များနှင့် ဆင်တူပြီး ထရပ်ကားကြီးများ၊ ဟိုတယ်များ၊ ကျောက်မျက် ရောင်းဆိုင်များနှင့် လူစည်ကားနေသည့် ဈေးများ၊ ကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၄ ခုနှင့် နောက်ဆုံး ဂေါက်ကွင်းတခုပင် ရှိနေသေးသည်။ မကြာသေးခင်ကာလအထိ စီးပွားရေး တိုးတက်နေခဲ့ပြီး ရွှေ့ပြောင်း အခြေချလာသူများအဖို့ အိမ်ခန်းရရန်ပင် ခက်ခဲလှသည်။ တရုတ်နိုင်ငံတွင် အိမ်ငှားခက လိုင်ဇာရှိ အိမ်ခန်းခများထက်ပင် ပိုဈေးချိုနေသေးသည် ဆိုကြသည်။
မကြာမီက ဖြစ်လာသည့် နိုင်ငံရေး တင်းမာမှုများကြောင့် လိုင်ဇာမြို့သားများ စိုးရိမ်ပူပန်ဖွယ် အခြေအနေနှင့် ကြုံတွေ့လာရသည်။ မိမိတို့ တွေ့ဆုံ မေးမြန်းနိုင်ခဲ့သမျှ လိုင်ဇာမြို့နေ လူထုက ယခုစစ်မက်ပဋိပက္ခက ရှောင်လွှဲနိုင်ဖွယ် မရှိ၊ ဖြစ်လာတော့မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။
နှစ် ၅ဝ ကျော် ကချင်သူပုန်ထမှု
ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် လက်နက်ကိုင် အင်အားစု ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို ရှမ်းပြည်နယ် ကချင်လူမျိုးစုများ နေထိုင်ရာဒေသတွင် ၁၉၆၁ ဖေဖေါ်ဝါရီလက စတင် တည်ထောင်ခဲ့သည်။ ခဏခဏ စိတ်ပြောင်းတတ်သူ မြန်မာဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဗဟိုအစိုးရအပေါ် ကချင် လူထု၏ မကျေနပ်မှုများကို အခြေခံ၍ စတင် ပုန်ကန်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ၁၉၆ဝ ဧပြီလ ရွေးကောက်ပွဲတွင် ဦးနုက သူသာပြန်၍ ရွေးကောက်ခံရပါက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ ကြေညာပေးမည်ဟူ၍ ပြောဆိုခဲ့သည့်အပေါ် ခရစ်ယာန် ကိုးကွယ်သူ အများစုဖြစ်သည့် ကချင်များက ဒေါသထွက်ခဲ့ကြသည်။ သူ့ကတိအတိုင်း ဝန်ကြီးချုပ်ဦးနုက ၁၉၆၁ သြဂုတ်လတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြုခဲ့သည်။
ထို့အပြင် လွတ်လပ်ရေး တောင်းဆိုစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်း ကမကထပြု၍ တောင်တန်းဒေသများတွင် နေထိုင်ကြသော ကချင်၊ ရှမ်း၊ ချင်း တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မြန်မာအစိုးရ ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည့်အတွက်လည်း ကချင်လူထု စိတ်ပျက်ဒေါသ ဖြစ်ခဲ့ကြရသည်။
၁၉၄၇ က တိုင်းရင်းသား ခေါင်းဆောင်များနှင့် သဘောတူညီ ချုပ်ဆိုနိုင်ခဲ့ကြသည့် ပင်လုံ သဘောတူညီချက် ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် လှုပ်ရှားနေသော မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးအတွက် အရေးပါသည့် လိုအပ်ချက်၊ ခြေလှမ်းတရပ်လည်း ဖြစ်ခဲ့သည်။ ဤသဘောတူညီချက် အပိုဒ် (၅) တွင် ပါဝင် ကိုယ်စားပြုထားသည့် တိုင်းရင်းသား အုပ်စုများကို ဒေသအတွင်း ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်နိုင်ခွင့် အခွင့်အရေးကို သဘောတူညီထားပြီး မြန်မာအစိုးရအနေနှင့် "နယ်စပ်ဒေသများကို လေးစားသည့်အနေနှင့် ၎င်းဒေသများ ယခုခံစား ကျင့်သုံးနိုင်ကြသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်စေမည့် ကိစ္စများတွင် မည်သည့်နည်းနှင့်မျှ ပါဝင်ဆောင်ရွက်ခြင်း ပြုမည်မဟုတ်ပါ။ နယ်စပ်ဒေသများ၏ ပြည်တွင်း အုပ်ချုပ်ရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိစေမည့်အကြောင်း မူအရ သဘောတူညီပါသည်" ဟု ဖော်ပြထားသည်။
၁၉၄၇ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်း ဦးနုက ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်ကို ဆက် ဦးဆောင်ခဲ့ရသည်။ သို့သော်လည်း ၁၉၄၈ ဇန်နဝါရီလ လွတ်လပ် ရေးရပြီးချိန်တွင် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို လက်တွေ့ အကောင်အထည်ဖော်ရန် အနည်းအကျဉ်းမျှသာ ဆောင်ရွက်ခဲ့သည်။ ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့် အတွက်ကြောင့်ပင် ကချင်အပါအဝင် အခြားတိုင်းရင်းသား လူနည်းစုများက မြန်မာတို့သစ္စာဖောက်သည်ဟု ခံစားခဲ့ကြရသည်။
သူနှင့် တွေ့ဆုံချိန်၌ ဂမ်ဖန်က ဖုံမှုန့်များ ပေကျံနေသည့် ပင်လုံစာချုပ် မိတ္တူဟောင်းတခုကို ဆွဲထုတ် လာခဲ့သည်။ အကယ်၍ ဤစာချုပ်ပါ အပိုဒ်-၅ ကို လိုက်နာ အကောင်အထည် ဖော်နိုင်ခဲ့ကြပါက မြန်မာနိုင်ငံအနေနှင့် နှစ်ပေါင်းကြာရှည် တိုက်ခိုက်ခဲ့ရသော ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်ခဲ့မည်ဟု သူတို့က ယုံကြည်နေကြသည်။ "ပင်လုံ သဘောတူညီချက်နဲ့ ပြည်ထောင်စုကို တည်ဆောက်ခဲ့ကြပေမယ့်လဲ သဘောတူညီထားတဲ့ အတိုင်း၊ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ ကျနော်တို့ကချင်တွေနဲ့ တခြားတောင်ပေါ်သားတွေ နိုင်ငံရေး အခွင့်အရေးရော၊ လူ့အခွင့်အရေးပါ ဆုံးရှုံးနေကြရတယ်။ နောက်ဆုံးတော့ လက်နက်ကိုင် တော်လှန်ရတော့တာပဲ" ဟု သူက ပြောသည်။
အငြင်းပွားဖွယ် ရေကာတာ ဆောက်လုပ်မှုအပေါ် ကချင်တို့ ကန့်ကွက်မှုကို လျစ်လျူရှုထားခြင်း
ဂမ်ဖန်က မဇ္ဈိမသတင်းဌာနကို ပြောဆိုရာ၌ မြန်မာစစ်အစိုးရက ကချင်ပြည်နယ်အတွင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရေကာတာများ တည်ဆောက်ရန် ရှိနေပြီး ကချင်ပြည်နယ် မြောက်ဖျားဒေသ မေခ-မေလိခမြစ်ဆုံ ဧရာဝတီမြစ်ဆုံ၌ ရေကာတာ ဆောက်လုပ်ရန် ရှေ့တိုးဆောင်ရွက်နေခြင်းမှာ လူနည်းစု တိုင်းရင်းသားလူမျိုးများ၏ အမြင်ကို လျစ်လျူရှု ပစ်ပယ်ထားသည့် နောက်ဆုံး သာဓကတခုဖြစ်ကြောင်း ပြောဆိုသည်။ ဒေသခံလူထုက ယခုစီမံကိန်းများကို အကြီးအကျယ် ဆန့်ကျင်ခဲ့ကြပြီး KIO ကလည်း ဖြစ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်ဟု ဂမ်ဖန်က ဆိုသည်။
သို့သော်လည်း မြန်မာစစ်အစိုးရက လျစ်လျူရှုထားခဲ့သည်သာ ဖြစ်သည်။ လူထောင်နှင့်ချီ၍ ဤစီမံကိန်းကြောင့် အိုးအိမ်အခြေပျက် ရွှေ့ပြောင်းကြရမည် ဖြစ်သော်လည်း ဤစီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ်စွမ်းအင်များကို တရုတ်နိုင်ငံတင်ပို့ ရောင်းချမည် ဖြစ်သောကြောင့် ဒေသခံများ အကျိုးခံစားခွင့် ရှိမည်ဆိုလျှင်သော်မှ အနည်းငယ်မျှသာ ခံစားနိုင်ကြမည့် အခြေအနေ ဖြစ်သည်။
ကချင်လူထု၏ ရွေးကောက်ပွဲ မျှော်လင့်စိတ်ကူးများကို ပိတ်ပင်ခဲ့ခြင်း
ပြီးခဲ့သည့် ဇူလိုင်လက ယခင် KIO ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာက နိုင်ငံရေးပါတီတခု ထူထောင်၍ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်နိုင်ရန် မှတ်ပုံတင်ခဲ့ရာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်ချခဲ့သည်။ဒေါက်တာတူးဂျာ အပါအဝင် ပါတီကို ဦးဆောင်ကြသူ အများစုမှာ ၂ဝဝ၉ ကတည်းက KIO မှ နှုတ်ထွက်ထားခဲ့ကြသူများ ဖြစ်ပြီး "မြို့ပြနိုင်ငံရေး" ကို ခြေလှမ်းရန် ဦးတည်ခဲ့ကြသူများလည်း ဖြစ်သည်။
စစ်အစိုးရ ဦးဆောင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး အမျိုးသားညီလာခံတွင် ဒေါက်တာတူးဂျာက KIO ကိုယ်စားပြု၍ တက်ရောက်ခဲ့သော်လည်း သူဦးဆောင်သည့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSPP) ကိုမူ မှတ်ပုံတင်ရန် ငြင်းပယ်ခဲ့သည်သာမက ၎င်းခေါင်းဆောင်များ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံမည့် အရေးကိုပင် KIO နှင့် ပတ်သက်ခဲ့မှုကို အကြောင်းပြ၍ ပိတ်ပင်ထားခဲ့သည်။
ဒေါက်တာတူးဂျာတို့ကို စစ်အစိုးရက ပိတ်ပင်ထားခဲ့ခြင်းမှာ KIO တပ်ဖွဲ့များကို စစ်အစိုးရ ထိန်းချုပ်မှုအောက်က နယ်ခြား စောင့်တပ် အသွင်ကူးပြောင်းရေးကို ငြင်းခဲ့သည့်အတွက် လက်တုံ့ပြန်ခဲ့ခြင်းဟု လူအများက ယုံကြည်နေကြသည်။
ဒေါက်တာတူးဂျာက စစ်အစိုးရ ရွေးကောက်ပွဲ အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း ထောက်ခံ ပြောဆိုခဲ့သူ ဖြစ်သော်လည်း ယခုအခါ သူတို့ပယ်ချခံရခြင်းအပေါ် များစွာ စိတ်ပျက်နေသည်ဟု ဆိုသည်။ ရွေးကောက်ပွဲပြီး များမကြာမီက ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံခဲ့ရာတွင် သူက "အစိုးရနဲ့ KIO အဖွဲ့ အကြား တင်းမာမှုတွေ မြင့်မားလာနေတယ်" ဟု သတိပေး ပြောကြားခဲ့သည်။ ထို့ပြင် သူက "ဒီပြဿနာတွေက စစ်ရေးနည်းနဲ့ ဆယ်စုနှစ်များစွာ ဖြေရှင်းခဲ့ကြပြီးပြီ။ အခုပြဿနာတွေအပေါ်မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ နည်းလာတာနဲ့အမျှ သွေးထွက်သံယို ကိစ္စတွေ ဖြစ်လာကြတော့မယ်" ဟု သတိပေး ပြောဆိုခဲ့သည်။ ဤ ခြိမ်းခြောက် နိမိတ်ဖတ်ချက်က ယခု တကယ် ဖြစ်လာတော့မည့် အခြေအနေ ရှိသည်။
Thomas Maung Shwe ရေးသည့် War looms for Burma’s Kachin as cease fire falls apart ကိုဆီလျော်အောင် ပြန်ဆိုသည်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga