ဖိုးသောကြာ
17-11-2011
ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး။ တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုသော ရှေးစကားသည် လက်ရှိ မြန်မာ့ နိုင်ငံရေး နယ်ပယ်နှင့် ထပ်ဟပ် ကိုက်ညီ နေသည့် အချိန် ကာလဖြစ်သည်။
၁။
မြန်မာ့ နိုင်ငံရေး လောကတွင် တချိန်က (၁၉၈၈) အပြီး ဦးစောမောင် ၊ဦးသန်းရွှေ တို့ နောက်တွင် ဦးနေ၀င်းကြီး ကြိုးကိုင် ချယ်လှယ် နေသည် ဟု လူတိုင်းက ပြောဆို မှတ်ယူနေကြ သကဲ့သို့ ယခုလည်း၊ မနိုင်လျှင် နိုင်အောင် တမင်ညစ်ပတ် အနိုင်ရယူ ထားသော ၂၀၁၀ ရွေးကောက်ပွဲ အရ တက်လာသည့် ဦးသိန်းစိန် အစိုးရ နောက်တွင် ဦးသန်းရွှေကြီး ကြိုးကိုင် ချယ်လှယ်နေသည်ဟု ပြောဆို မှတ်ချက်ချကြသည်ကိုသိရ ကြားရသည်။
ဖြစ်နိုင်ဖွယ်ရာ အဖြစ် အင်အယ်လ်ဒီရုံးတွင် သက်ကြီး ပူဇော်ကန်တော့ပွဲလုပ်သည်နှင့် အပြိုင် သီတင်းကျွတ် တွင် ဦးသန်းရွှေအား သက်ကြီး ကန်တော့ပွဲ ကြပ်ပြေးနေပြည်တော်တွင်လည်း လုပ်ကြသည်ဟု သိရပြန်သည်။
ဦးသန်းရွှေသည် အာဏာ စွန့်သည်၊ အနားယူသည်ဟု တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
ထို့ကြောင့် မြန်မာ ပြည်သူ အများက ဦးသန်းရွှေသည် အရေးပါဆဲဖြစ်သည်၊ ဦးသန်းရွှေ စီမံချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတကြီး ဦးသိန်းစိန်က စည်းရုံးကာ ဆွဲစား အသုံးချရန် စီမံနေသည်ဟု ပြောဆိုသံများ ပလူပျံနေသည်။
ဦးသန်းရွှေသည် မြန်မာ့ အရေးကို ကြိုးကိုင်နိုင်သော အဓိက လူ (ကြယ်စိမ်းကြီး တပွင့်) ဟု မှတ်ချက် ချနိုင်ဖွယ်ဖြစ်သည်။
၂။
မြန်မာပြည်တွင် သက်တမ်း အရင့်ဆုံး နှင့် ဆက်တိုက် နိုင်ငံရေး လုပ်ဆောင်သည့် နိုင်ငံရေး ပါတီကို ပြပါဆိုလျှင် ဗမာပြည်ကွန်မြူနစ် ပါတီကိုပြရမည်သာ ဖြစ်သည်။
ထိုပါတီဝင်များသည် တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း မြေအောက်လှုပ်ရှားမှု အသွင်ဖြင့် ပြည်တွင်း ပြည်ပ နေရာ အနှံ့အပြားတွင် စိမ့် ဝင်ထိုးဖောက်နေရာ ယူထားကြသည်။
ယုတ်စွ အဆုံး (အောင်-စု-တင် ) ၃ပါတီ စုစည်းထားသည့် အင်အယ်လ်ဒီပါတီသည် ဗကပများ စိမ့်ဝင်နေသည်၊ ဖယ်ရှားပေးရန် ဦးအောင်ကြီး မှ တောင်းဆိုရာ နောက်ဆုံး မဲခွဲ ဆုံးဖြတ်ကြရာ ဗကပ တို့အား မထုတ်ပယ်ရေး ဘက်က အနိုင်ရရှိခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အင်အယ်လ်ဒီကို ၀န်ရံကြဟု ချိန်ကိုက် အသံပေးခဲ့သူမှာ ဗကပတို့ ဖြစ်သည်။
ဗကပ တို့တွင် နိုင်ငံရေး ပါရဂူ အချုပ်ထိပ်ခေါင် ပြောခွင့်ရ သူမှာ ရဲဘော် ဖိုးသံချောင်း ဖြစ်သည်။
၁၅။ ၁၁။ ၁၁ ထုတ် ဗကပ ပြောခွင့်ရ ဖိုးသံချောင်း ထုတ်ပြန်ချက်တွင် အင်အယ်လ်ဒီ မှတ်ပုံတင် ရေးသည် အင်အယ်လ်ဒီ ကိစ္စ ဖြစ်သည်။ ကျွန်တော် တို့ နှင့် မဆိုင်ဟု ဖော်ပြသည်။
သူ ဆိုလိုရင်းမှာ အမေရိကန်နှင့် နီးစပ်နိုင်ရေးတွင် စစ်အစိုးရမှ ဒေါ်အောင်ဆန်း စုကြည်အား အသုံးချခြင်း လောဟု မှတ်ချက်ချသည်။
အစိုးရသစ်မှ ဗကပကို တရားဝင်ပါတီ အဖြစ် အသိ အမှတ်ပြုရေး ပြောဆိုထားသော ဖိုးသံချောင်း ၏ သဘောထားသည် ဘယ်ကို ဦးတည် သည်ကို တည့်တည့် မပြောသော်လည်း ဦးနှောက်မှန်သူတိုင်း ဘာကို ဆိုလိုသည်ကို သိနိုင်သည်။
ထိုစာထွက်ပြီးနောက် အင်တာနက်တွင် ဒေါ်အောင်ဆန်း စုကြည်အား ဆန့် ကျင်သည့် စာများ၊ ပါတီ မှတ်ပုံမတင်ရေး စာများ အင်တာနက် ဘလော့များ၌ လတာပြင်တွင် လမုငုတ်များ ပေါက်သကဲ့သို့ ထိုးထိုး ထောင်ထောင် မဖတ်ချင်အဆုံး ပေါ်ထွက်လာကြသည်ကို တွေ့ နိုင်သည်။
ရဲဘော် ဖိုးသံချောင်း မီးစိမ်းပြလိုက်သည်နှင့် ယဉ်ယဉ် ကျေးကျေး တမျိုး ၊ မိုက်မိုက်ရိုင်းရိုင်း တဖုံ အုံကြွလာခြင်းမှာ နည်းနည်း နောနော လွှမ်းမိုး နိုင်မှု မဟုတ်။
ထို့ကြောင့် ရဲဘော် ဖိုးသံချောင်းသည် မြန်မာ့ နိုင်ငံရေးတွင် အရေးပါသော (ကြယ်နီ တပွင့်) ဟု မှတ်ချက်ချနိုင်သည်။
၃။
မြန်မာပြည်တွင် သာမန် လူအများစုက အင်အယ်လ်ဒီတွင် စူပါဘရိန်းသည် ဒေါ်အာင်ဆန်းစုကြည်ဟု သာမန် သိမှတ်ကြသည်။
နိုင်ငံရေးတွင် ထဲထဲ ၀င်ဝင် လှုပ်ရှားသူများကမူ အင်အယ်လ်ဒီ ဦးနှောက် စူပါဘရိန်းသည် ဦးဝင်းတင်ဖြစ်သည်ဟု တညီတညွတ်တည်း ယုံကြည်ကြသည်။
ဦးဝင်းတင် ဘယ်လမ်းကြောင်းကို သွားချင်သည်၊ ဘာတွေ ဖြစ်ချင်သည်ကို တရုတ်က သိသည်၊ အမေရိကန်က သိသည်၊ စစ်အစိုးရ ကလည်း သိသည်၊ နိုင်ငံရေး နှံစပ် တွေးတော တတ်သူများကလည်း သိကြသည်။
မြွေမြွေချင်း ခြေမြင် ဟူသောစကားအရ အင်အယ်လ်ဒီကို ဦးဝင်းတင် စီးထားသည်၊ ဒေါ်စုသည် ဦးဝင်းတင် စကားကို မလွန်ဆန်နိုင်ဟု ပြောဆိုသံများ ထွက်နေသည်။
ဦးဝင်းတင်မှ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို မလွှမ်းမိုးပါ။ အင်အလ်ဒီကိုလည်း စီးမထားပါ။ ဗဟို ဆုံးဖြတ်ချက်ဖြင့် အလုပ် လုပ်နေခြင်း ဖြစ်သည် ဟု ငြင်းဆိုသည်ကိုလည်း ဖတ်ရသည်။
သို့သော် ဗွီအိုအေ မေးမြန်းခန်း တခုတွင် အားလပ်သည့် အချိန်များတွင် ဘာလုပ်ပါသလဲဟူသော အမေးကို ဒေါ်အောင်ဆန်း စုကြည်မှ ပြန်လည် ဖြေကြားရာတွင်``ဆရာဦးဝင်တင် ရေးသားတဲ့ မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေ ဖတ်နေပါတယ်´´ ဟု ဖြေသွားသည်။
ကျွန်ုပ်နှင့် အလွန်ရင်းနှီးသည့် ကျောင်းသားခေါင်းဆောင်ဟောင်း တဦးကမူ အခုလို နိုင်ငံရေး အကြပ် အတည်း ဖြစ်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ဘေးတွင် ဆရာ ဦးဝင်းတင် ရှိနေလို့  တော်သေးတာပေါ့ ဟု မှတ်ချက်ချသည်ကို ကြားရသည်။
ထို့ကြောင့် ဦးဝင်းတင်သည် အရောင်ဖျောက် စေကာမူ လူလေးစားခြင်း ခံရသော ကြယ်တပွင့်(အနီလော။ အပြာလော ကိုယ်တိုင်ဝန်ခံမှ သိနိုင်မည် ) ဟု မှတ်ချနိုင်သည်။
------------------------------
ဆောင်းပါးရှင် ..ကောင်းမြတ်သူ-(မူဝါဒရေးရာဌာန)၏ NLD မှတ်ပုံတင်ခြင်းကို ပြင်းထန်စွာ ကန်.ကွက်သွား မည် - ဆောင်းပါးတွင် ရေးသား ထားချက်မှာ အောက်ပါ အတိုင်း တွေ့ ရသည်။
ဗ-က-ပ ကတော့ NLD ကို နည်းပရိယာယ် အသစ်ချမှတ်ဖို. အကြံပြုနေပြန်ပါပြီ။
ဘာလုပ်ရမှာလည်းလို.တော့ တိတိ ပပ မပြောပါ။ တိတိပပ ကိုလည်း မီဒီယာမှာ ပြောစရာမလိုပါ။
NLD က ကွန်မြူနစ်တွေကိုပြော လိုက် ရုံ ပါ ပဲ။
မြန်မာပြည် နိုင်ငံရေး မှာ ဖိုးသံချောင်း၊ ဦးဝင်းတင်နဲ. ဒေါ်အောင်ဆန်းစု ကြည်တို. အသံတွေ တူနေသရွေ.တော့ ဘယ်တော့မှ တိုင်းပြည်ငြိမ်းချမ်း မှာမဟုတ်ပါဘူး။
၁၉၈၈ ကတည်း က ကွန်မြူနစ်တွေ ဟာ သူတို.ရဲ့မူဝါဒတွေ အောင်မြင်ဖို. ဒေါ်စုကို အသုံးချခဲ့ကြတာပါ။
အာ ဏာဖီဆန်ရေးလမ်းကြောင်းကို အန်တီစု ကပဲချမှတ်ခဲ့သယောင် ဦးဝင်းတင်က RFA မှာပြောခဲ့ ပါသေးတယ်-
မအောင်မြင်တဲ့ မူဝါဒ ကို ဒေါ်စုခေါင်းပေါ်ပုံချတာပါ။
NLD က ကွန်မြူနစ်တွေကိုမေးကြည့်ပါ။ အားလုံးက အန်တီစု ဟာ နိုင်ငံရေး သမား မဟုတ်ဘူးလို. ပြောကြ ပါလိမ့်မယ်။
အခြားသော ကွန်မြူနစ်မဟုတ်တဲ့ NLD က လူကြီးများကို မေးကြည့်ပါ။ သူတို.ကလည်း ဒီတိုင်းပဲ ပြောပါလိမ့် မယ်။
http://hittai.net/?show=rm&fileid=114&t=home4&id=4
-------------------------------------------
လက်ရှိ အခြေအနေတွင်နိုင်ငံရေး ထဲထဲဝင်နှံ့စပ်သူများ သုံးသပ်ချက်အရ-
စစ်အစိုးရသည် အတိုက်အခံ နိုင်ငံရေး သမားတို့ကို မမှု။ တိုင်းရင်းသား လက်နက်ကိုင်တို့ ကို ကြောက်၍ မဟုတ်၊ သူ၏ ဘေးကြပ်နံကြပ် နိုင်ငံရေး အခြေအနေနှင့် ပိတ်ပိနေသော နိုင်ငံရေး လမ်းကြောင်းမှ ထွက်ပေါက်ရရန်၊ ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းအရ တရုတ်နှင့် အနောက်အုပ်စုကြား မပြောင်း မဖြစ် အခြေအနေ တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား နေရာပေး လက်ခံတွေ့ ဆုံခြင်း၊အခွင့်အရေးပေးခြင်း ဖြစ်သည်။
အနောက်အုပ်စု ၏ ရှေ့ ရေး စီမံချက်အရ ဒေါ်အောင်ဆန်းစုကြည် နှင့် စေ့စပ် လက်တွဲ လုပ်ဆောင်ရန် ဦးသိန်းစိန် အစိုးရသစ်မှ လက်ခံခြင်းဖြစ်သည်ဟု သုံသပ် သံလည်း ထွက်ပေါ်သည်။
ဦးသိန်းစိန်နှင့် အမေရိကန် ညီညွှတ်ရေး
ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် ညီညွှတ်ရေး
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ညီညွတ်ရေး
ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ညီညွှတ်ရေး ဖြင့်သာ နိုင်ငံရေး ဇာတ်မြောကြီးကို ဖြေရှင်းနိုင်မည်ဟု တွက်ဆယုံကြည်ကြသည်၊ သို့ သော် အရှေ့ မျှော် သမားတို့ မကြိုက်ကြနိုင်ဟု သုံးသပ်ကြသည်။
အထက်ဖော်ပြပါ ညီညွတ်ရေး ၄ ချက်အား အရှေ့ မျှော် အနောက်မုန်း သမားတို့က မပျက် ပျက်အောင် ဖန်တီး လိမ့်မည်ဟု မှတ်ချက်ချကြသည်။
ရွေးကောက်ပွဲ မ၀င်ရေး၊ ပါတီ မှတ်ပုံမတင်ရေး အော်ဟစ်နေကြသူများသည် အထက်ပါ ညီညွှတ်ရေး ၄ ခုမှ အားလုံး ပျက်စီးရေး သော်လည်း ကောင်း၊အစိတ်အပိုင်း တခုခု ရပ်တန့် ရေးကို ဆောင်ရွက်ကြခြင်းလော။
၁၉၉၀ ရွေးကောက်ပွဲ ရလာဘ် ပြန်လည်ရှင်သန်ရေးနှင့် အာဏာသိမ်းပိုက်ရယူရေး အဖြေ တွေ့ ကြ၍လော။
ရွေးကောက်ပွဲ မ၀င်ဘဲနှင့် လွှတ်တော်ပြင်ပမှ အောင်ပွဲရအောင် တိုက်ရေး အဖြေ တွေ့ ထားကြ၍လော။
မြန်မာပြည်ကို တရုတ် ကြီးစိုးရေး အားပျော့ သွားမည်ကို စိုးရိမ်ကြ၍လော။
ဗကပတို့ နှစ် ၆၀ ကျော် တော်လှန်ရေး အတွေ့ အကြုံများအရ တိုင်းပြည်ကို အမြန် ကယ်တင်ရေး နည်းလမ်း ရှိကြ၍လော။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အခြေအနေတွင် ပြည်သူချစ်သော၊ နိုင်ငံတကာမှ လေးစားသော ဒီမိုကရေစီ ဖြစ်ထွန်းအောင် ကြံဆောင်ပေးနိုင်မည်ဟု သတ်မှတ်ယုံကြည်အပ်နှင်းခံရသော လမင်းကြီးဆိုလျှင် အများစုက လက်ခံကြမည် ယုံကြည်ပါသည်။
(ရာခိုင်နှုန်းအရ လူနည်းစု ကန့် ကွက်သူများအားလည်း အသိအမှတ်ပြုရပါမည်။)
ထိုလမင်းကြီးသည် ကြယ်စိမ်း ကြယ်နီ၊ ကြယ်ကြောင် များ လွှမ်းမိုးခြင်းမှ ကင်းလွတ်ကာ ပြည်သူများအတွက် ထိန်ထိန် သာအောင် ထွန်းလင်း နိုင်ပါမည်လော။
ဖိုးသောကြာ
Copy from hittai
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga